ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က လာမယ့် နွေဈေးကွက်မှာ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကို စွန့်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ဂျာမန်ကွင်းလယ်လူ ကင်းမစ်ချ်ကို သူ့ရဲ့ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီး ၊ လီဗာပူးတို့နဲ့ အပြိုင် ကမ်းလှမ်းမှုတွေ လုပ်သွားမယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဂျာမဏီလက်ရွေးစင် ကွင်းလယ်လူ ကင်းမစ်ချ်က ဘိုင်ယန်မြူးနစ်ရဲ့ သက်တော်ရှည် ကစားသမား တဦး ဖြစ်ပြီး သူက ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်သလို ညာနောက်ခံ ၊ ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် စတဲ့ နေရာစုံမှာလည်း ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: The Sun

ကင်းမစ်ချ်က ဘိုင်ယန်မြူးနစ်ရဲ့ မရှိမဖြစ် ကစားသမားတွေထဲမှာ ပါဝင်သလို အသင်းရဲ့ သက်တော်ရှည် ကစားသမားလည်း ဖြစ်ပေမယ့် သူနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၁နှစ်ကျော်သာ သက်တမ်း ကျန်တော့သလို လက်ရှိအချိန်အထိ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေလည်း မရှိသေးပါဘူး။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီး ၊ လီဗာပူးနဲ့ အာဆင်နယ်တို့ အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက လာမယ့် နွေဈေးကွက်မှာ ကင်းမစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကင်းမစ်ချ် ကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်မှာ မပျော်တော့တာကြောင့် အသင်းပြောင်းဖို့ စတင် စဉ်းစားနေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Talksports သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဗဟိုကွင်းလယ်မှာ ဒီကလန်ရိုက်စ် ၊ ဂျော်ဂျင်ဟို ၊ ပါတေး စတဲ့ အရည်အသွေးမြင့် ကွင်းလယ်လူ ၃ဦး အထိ ပိုင်ဆိုင်ထားပေမယ့် ဂျော်ဂျင်ဟိုနဲ့ ပါတေးတို့ကို လာမယ့် နွေဈေးကွက်မှာ ရောင်းထုတ်ဖို့ စဉ်းစားထားတာကြောင့် အသက်အရွယ်အရ အကောင်းဆုံးအချိန်ကို ရောက်နေတဲ့ ကင်းမစ်ချ်ကို ခေါ်ယူရန် ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ထားပြီး အာဆင်နယ်ဟာ လာမယ့် နွေဈေးကွက်မှာ ကင်းမစ်ချ်အတွက် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ သူတို့ရဲ့ အဓိက ကစားသမား ကင်းမစ်ချ်ကို လက်လွှတ်မခံချင်သေးပေမယ့် အကယ်၍ ကင်းမစ်ချ်ကသာ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒမရှိပဲ အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆိုလာမယ် ဆိုရင် ကင်းမစ်ချ်ကို ရောင်းထုတ်ဖို့ စဉ်းစားထားပြီး ဘိုင်ယန်မြူးနစ်က ကင်းမစ်ချ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် တောင်းဆိုနိုင်ပါတယ်။