ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူရန် စီစဉ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက်တွေက ဖော်ပြလာကြပါတယ်။

အာဆင်နယ်က ကွင်းလယ်ပိုင်းမှာ ချာကာ ၊ ဂျော်ဂျင်ဟို ၊ ပါတေး ၊ အိုဒီဂတ် ၊ စမစ်ရိုဝီ ၊ အယ်နီနီ ၊ ဗီအဲရာ စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ချာကာက လေဗာကူဆင်ဆီ ပြောင်းရွှေ့တော့မှာ ဖြစ်သလို နောက်ထပ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ ပါတေးရဲ့ အနာဂတ်ကလည်း မရေရာတာကြောင့် ကွင်းလယ်လူသစ် ၂ဦး ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာ အာဆင်နယ်က ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် ၊ သူတို့ရဲ့ ပြိုင်ဘက်အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ အသင်းတွေကပါ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ရိုက်စ်ကို ခေါ်နိုင်ဖို့ မသေချာပါဘူး။

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ သူတို့ရဲ့ ပစ်မှတ်ဟောင်း ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို ပြန်လည် စိတ်ဝင်စားနေပြီး အာဆင်နယ်ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ကိုင်စီဒို အတွက် တရားဝင် ကမ်းလှမ်းမှု လုပ်ဖို့ ရှိနေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ခရစ် ဝိစ်လေရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီး ဘရိုက်တန်ကတော့ ကိုင်စီဒို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းကျော် အထိ ရရှိဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

ယခုအချိန်မှာ အာဆင်နယ်အပြင် ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကပါ ကိုင်စီဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကိုင်စီဒိုကတော့ သူ့ဆီ ရောက်လာတဲ့ ကမ်းလှမ်းမှုတွေ အားလုံးကို သေချာ လေ့လာပြီးမှ အသင်းသစ်ကို ရွေးချယ်သွားဖို့ ရှိနေပါတယ်။