MySport Myanmar

ဗလာဟိုဗစ်ကို အခု ဈေးကွက်ထဲမှာပဲ ထပ်မံ ကြိုးပမ်းသွားဦးမယ့် အာဆင်နယ်

တိုက်စစ်ပိုင်း အင်အားဖြည့်တင်းသွားဖို့ ရှိနေတဲ့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ပစ်မှတ်ဟောင်း ကစားသမားဖြစ်တဲ့ ဂျုဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို အခု ဈေးကွက်ထဲမှာပဲ ထပ်မံ ကြိုးပမ်းသွားဖို့ ရှိနိုင်တယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းမှာ ဂါဘရီရယ် ဂျေဇူး ၊ အက်ဒီ အန်ကယ်တီယာတို့ ရှိနေပေမယ့်လည်း တိုက်စစ်က လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ဆောင်းဈေးကွက်ထဲမှာပဲ တိုက်စစ်ကစားသမားသစ် တစ်ဦးခန့် ဖြည့်တင်းသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Arsenal Station

အာဆင်နယ်က ဘရန့်ဖို့ဒ်ရဲ့ အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ဦးစားပေး ပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားပေမယ့်လည်း ဘရန့်ဖို့ဒ်ကတော့ မကြာခင်မှာပဲ ဘောလုံး ပြန်ကစားနိုင်တော့မယ့် သူတို့ရဲ့ အဓိက ကစားသမားကို အနည်းဆုံး ရာသီကုန်အထိ ဆက်လက် ထိန်းသိမ်းသွားချင်နေပါတယ်။

ဒါကြောင့် အာဆင်နယ်က တိုနေးထက် တခြားသော တိုက်စစ် options တွေကို ကြည့်ရှုလာခဲ့ပြီး လက်ရှိမှာတော့ ပစ်မှတ်ဟောင်းဖြစ်သူ ဗလာဟိုဗစ်ကိုပါ ပြန်လည် ချိန်ရွယ်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ ဗလာဟိုဗစ်ကို ဖီအိုရင်တီးနားအသင်းမှာ ကစားခဲ့စဉ်ကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး အခုထိလည်း အလိုရှိနေပြန်ပါတယ်။

Photo Credit : Football Transfer

ဂျုဗင်တပ်စ်အနေနဲ့ကလည်း အခုလို ဘောလုံးရာသီဝက်မှာ ဗလာဟိုဗစ်လို အားထားရတဲ့ ကစားသမားတစ်ဦးကို လက်မလွတ်ချင်ပေမယ့် အသင်းက ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)လောက်နဲ့ ရောင်းချသွားနိုင်ဖွယ် ရှိနိုင်ပါတယ်။

ဒါ့အပြင် အီတလီမှာ အခွန်စည်းမျဉ်း စည်းကမ်းတွေလည်း တင်းကြပ်ထားတာတွေကြောင့် ဂျုဗင်တပ်စ်က ဗလာဟိုဗစ်အတွက် ပြောင်းရွှေ့ကြေး + ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုတို့နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တောင် လက်ခံ စဉ်းစားလာနိုင်တယ်လို့ Sky Sports သတင်းထောက်ဖြစ်သူ Gary Cotterill က သုံးသပ် ဖော်ပြသွားခဲ့ပါတယ်။

Exit mobile version