ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၂၇သန်းနဲ့ ခေါ်ယူထားတဲ့ ဘယ်နောက်ခံလူ တီယာနေးကို ပြန်လည် ရောင်းချသွားဖို့ စဉ်းစား နေတယ်လို့ လန်ဒန်မြို့အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၃နှစ်အရွယ် ဘယ်နောက်ခံလူ တီယာနေးဟာ အာဆင်နယ်အသင်းကို ရာသီအစကတည်းက ရောက်ရှိလာသူ ဖြစ်ပေမယ့် ဆဲလ်တစ်အသင်း ကနေ ပြောင်းရွှေ့လာကတည်းက ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ရာသီ အစပိုင်းမှာ ပွဲထွက်ကစားခွင့် မရခဲ့ပါဘူး။

Photo Credit: Goal

ဒါ့အပြင် ဒဏ်ရာကနေ ပြန်လည်သက်သာ လာပြီးတဲ့နောက်မှာလည်း ပွဲအနည်းငယ်သာ ကစားခွင့် ရခဲ့ပြီး ပခုံးရိုးကျိုးဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည် ထပ်မံအနားယူခဲ့ရပြီး လက်ရှိမှာတော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ပါပြီ။ ဒါပေမယ့် တီယာနေးဟာ အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူ စာရင်းမှာ တတိယဦးစားပေး ဘယ်နောက်ခံလူနေရာ ကို ရောက်ရှိသွားပြီ ဖြစ်ကာ အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်တဲ့ ဆာကာကို တီယာနေးထက် ပိုပြီး သဘောကျနေတယ်လို့ လန်ဒန် အခြေစိုက် သတင်းတွေက ဆိုထားကြပါတယ်။ဒါ့ကြောင့်လည်း အာဆင်နယ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ တီယာနေးကို ရောင်းချပြီး အသင်းအတွက် အသုံးစရိတ်ရရှိအောင် လုပ်ဆောင်ဖို့ စဉ်းစားနေတာ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Goal

တီယာနေးဟာ လက်ရှိ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၁၁ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့ကာ မိနစ်နဲ့ တွက်ချက်ကြည့်ရင်တော့ ၇၄၃မိနစ်သာ ကစားပေးထားနိုင်ပါတယ်။ ဒါပေမယ့် တီယာနေးဟာ တိုက်စစ်လိုက်ပါမှု အပိုင်းမှာရော ၊ ခံစစ်ပိုင်းမှာပါ ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် အာဆင်နယ်အသင်းရဲ့ နည်းပြအဖွဲ့ဝင် တချို့က သူ့ကို သဘောကျကြတယ်လို့ သိရှိထားရပါတယ်။ လက်ရှိမှာတော့ တီယာနေးကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ လက်စတာ အသင်းက စိတ်ဝင်စားနေခဲ့ပြီး လက်စတာနည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာဟာ တီယာနေးရဲ့ ဆရာဟောင်းတစ်ဦး ဖြစ်တာကြောင့် တီယာနေးရဲ့ ခြေစွမ်းကို ယုံကြည်တဲ့ နည်းပြတစ်ဦးပဲ ဖြစ်ပါတယ်။