အာဆင်နယ်အသင်းကို လိုင်လီအသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမား နီကိုလပ်စ်ပေပေကို အာဆင်နယ်ပရိသတ်တွေအပြင် တခြားသောအသင်းပရိသတ်တွေကပါ စိတ်ဝင်တစားရှိခဲ့ကြပြီး အူဘာမီယန်း လာကာဇက် ပေပေတို့ရဲ့ တိုက်စစ် Trio အတွဲအဖက်က အရမ်းကို စိတ်လှုပ်ရှားစရာကောင်းလာနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့်လည်း ပေပေက အခုလက်ရှိအချိန်ထိ အာဆင်နယ်မှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ကိုတောင် ရုန်းကန်နေရပြီး ဒီရာသီမှာဆိုရင််လည်း ပွဲထွက်ကစားခွင့် အနည်းငယ်လေးသာ ရရှိနေခဲ့ပါတယ်။

Photo Credit : Evening Standard

အသက်(၂၅)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံကစားသမား ပေပေဟာ ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၂)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရပြီး ပရီးမီးယားလိဂ်(၉)ပွဲအတွင်းမှာလည်း သွင်းဂိုး(၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပေပေဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း လိဒ်စ်ကစားသမား အယ်လီယိုစကီးကို ကစားပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး အသင်းမှာလည်း လက်ကျန်မိနစ်(၄၀)လောက်ကို ကစားသမားတစ်ယောက်လျော့နဲ့ ခက်ခဲစွာ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။

Photo Credit : Pain in the Arsenal

လိဒ်စ်နဲ့ပွဲစဉ်မှာ မလိုလားအပ်ပဲ ပြိုင်ဘက်ကစားသမားအပေါ် ကြမ်းတမ်းစွာ ပြုမှုခဲ့တဲ့ ပေပေရဲ့လုပ်ရက်ကို အာဆင်နယ်နည်းပြအာတီတာကိုယ်တိုင် လုံးဝလက်သင့်မခံနိုင်အောင် ဖြစ်ခဲ့ရပြီး ကစားသမားရဲ့လက်ရှိကစားပုံတွေ စိတ်နေစိတ်ထားတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသုံးသပ်မှုတွေကို လုပ်ဆောင်သွားရမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဒီလိုပြောဆိုလာခဲ့ပြီးတဲ့နောက်မှာ ပေပေရဲ့ အနာဂတ်က အနည်းငယ်လှုပ်ခတ်လာခဲ့ပြီး သူ့ကို အာတီတာက လူစာရင်းကနေ ချန်လှပ်မှုတွေ လုပ်လာနိုင်တာကြောင့် အာဆင်နယ်ကနေ အငှားချမှုတွေ လုပ်ဆောင်လာနိုင်တယ်ဆိုပြီး သတင်းမီဒီယာတချို့ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် The Times ရဲ့ ပြန်လည်ဖော်ပြမှုမှာတော့ အာဆင်နယ်ဘက်ကနေ ပေပေကို အငှားချသွားမှာမဟုတ်ပဲ အသင်းမှာသာ ဆက်လက်အသုံးပြုသွားမှာဖြစ်သလို ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် သိပ်မရနိုင်ရင်တောင် ပြည်တွင်းရှုံးထွက်ဖလားပွဲတွေနဲ့ ယူရိုပါလိဂ်ပွဲတွေမှာ ဆက်လက်အသုံးပြုသွားဦးမှာဖြစ်လို့ ပေပေကို လုံးဝအငှားချမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ ပေပေဟာ ဒီရာသီ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းအတွက် (၂)ဂိုးသွင်းယူခဲ့ပြီး (၂)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။