ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အသင်းရဲ့ အဓိက ဂိုးသွင်းစက်လည်း ဖြစ်တဲ့ တိုက်စစ်မှူး အူဘာမီယန်းကို စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိသေးဘူးလို့ ESPN သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ အသက်၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်သော်လည်း အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ် သာ ကျန်ရှိတော့တာ ဖြစ်ပြီး ယခုနှစ်အတွင်းမှာသာ စာချုပ်သစ် ချုပ်ဆိုဖို့ မလုပ်ဆောင်နိုင်ခဲ့ပါက လာမယ့် ၂၀၂၁ခုနှစ် ဇွန်လမှာ အာဆင်နယ် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမယ့်သူပါ။

Photo Credit: Standard

အူဘာမီယန်းဟာ အာဆင်နယ်အသင်းထံကို ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းကို ရောက်ရှိစဉ်ကတည်းက ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ထိပ်တန်း ဂိုးသွင်းရှင် တစ်ဦး ဖြစ်တယ်ဆိုတာကို သက်သေ ပြထားနိုင် ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကိုလဲ သိမ်းပိုက်ထားနိုင်သူ တစ်ဦးပါ။ ဒါ့ကြောင့် အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေဟာ အူဘာမီယန်းကို အသင်းမှာသာ ဆက်လက် မြင်တွေ့လိုနေပေမယ့် အာဆင်နယ်နဲ့ အူဘာမီယန်းတို့ရဲ့ ကြားမှာ စာချုပ်သစ် ဆွေးနွေးမှုတွေဟာ မတိုးတက်လာသေးဘူးလို့ ESPN သတင်းဌာနက ဖော်ပြထားခဲ့ပြီး အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားဖို့ ဆုံးဖြတ်ထားပုံပါပဲ လို့ ESPN သတင်းဌာနက သုံးသပ်ထားခဲ့ပါတယ်။

Photo Credit: Standard

အာဆင်နယ်အသင်းဟာ ယခင်ကလည်း အသင်းရဲ့ အဓိက ကစားသမားတွေလို့ ဆိုရမယ့် ရမ်ဆေး ၊ ဝီရှိုင်းယား ၊ နာဆရီ ၊ ဆန်းချက် ၊ ဗန်ပါစီ စတဲ့ ကစားသမားတွေကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိခဲ့တာကြောင့် အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတာတွေ အနည်းငယ်သော ပြောင်းရွှေ့ကြေးကိုသာ ရခဲ့တာတေ​ွ စတဲ့ နစ်နာမှုတွေနဲ့ ကြုံတွေ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ လက်ရှိ ထွက်ပေါ် နေတဲ့ သတင်းတွေအရ အူဘာမီယန်းကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီး ၊ မန်ယူ ၊ ဘာစီလိုနာ ၊ ပီအက်စ်ဂျီ ၊ ရီးရဲလ်မက်ဒရစ် စတဲ့ ထိပ်သီး အသင်းကြီးတွေက ကြိုးစားနေကြပြီး အူဘာမီယန်းအနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖွယ် မရှိပဲ ၂၀၂၁ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။