လီဗာပူးလ်နည်းပြဖြစ်သူ ယာဂင်ကလော့က ဒီနှစ်ဘောလုံးရာသီဟာ သူတို့လီဗာပူးလ်အသင်းနဲ့ ပြိုင်ဘက်မန်စီးတီးအသင်းတို့သာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် ပြိုင်ဆိုင်နေရမှာမဟုတ်ပဲ ကလပ်အသင်းပေါင်းများစွာကပါ သူတို့(၂)သင်းကို စိန်ခေါ်လာနိုင်မှာဖြစ်လို့ မနှစ်ကရာသီထက် ပိုမိုခက်ခက်ခဲလာနိုင်တယ်လို့ အာဆင်နယ်အသင်းနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲအတွင်းမှာ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ကလော့ရဲ့လီဗာပူးလ်အသင်းဟာ မနှစ်က ဘောလုံးရာသီအတွင်းမှာ အသင်းနဲ့ နှစ်ပေါင်း(၃၀)လောက် ဝေးကွာလို့နေတဲ့ ပရီးမီးယားလိဂ်ဆုဖလားကြီးကို ပြန်လည်ရယူနိုင်ခဲ့ပြီး အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးကိုလည်း စုစုပေါင်း ရမှတ်(၁၈)မှတ်အထိ အပြတ်အသတ်ဖြတ်တောက်ကာ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ သူတို့အသင်းအနေနဲ့ ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့က ထင်ထားတာထက်တောင် ပိုမိုခက်ခဲလာနိုင်တယ်လို့ သုံးသပ်ပြောဆိုလာခဲ့ပါတယ်။ ကလော့က “အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက အဆင့်(၈)ဖြစ်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့အခြေအနေတွေ ပြောင်းလဲပစ်ဖို့အတွက် အချိန်မရခဲ့သေးလို့ပါ”

Photo Credit : Manchester Evening News

“ဒါကြောင့် သူတို့ကို ဒီလိဂ်ရဲ့(၈)သင်းမြောက် အကောင်းဆုံးအသင်းလို့တော့ မယူဆနိုင်ဘူး။ အာဆင်နယ်က ချန်ပီယံလိဂ် ဝင်ခွင့်မရနိုင်ရင်ေတောင် အမှတ်ပေးလိဂ်ကနေ ယူရိုပါလိဂ်ဝင်ခွင့်လောက်ကို အလွယ်တကူ ရယူနိုင်တဲ့အသင်းပါ။ ပရီးမီးယားလိဂ်အသင်းတွေက တစ်နှစ်ပြီးတစ်နှစ် ကောင်းမွန်လာလို့ ရာသီအစလေးနဲ့ပဲ ဘယ်အသင်းက ဘယ်လိုဖြစ်မယ်ဆိုတာကို ဆုံးဖြတ်မရနိုင်ဘူး။ ဆုံးဖြတ်လိုက်မယ်ဆိုရင်လည်း အဲ့ဒီအတိုင်း ဖြစ်မလာတတ်ဘူး။ မန်စီးတီးဆိုရင်လည်း ဝုလ်ဗ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရလို့ ရုန်းကန်ရလိမ့်မယ်လို့ အားလုံးထင်ထားကြမှာပဲ။ ပထမပိုင်းမှာ အရေးနိမ့်ထားတာတောင် ဒုတိယပိုင်းမှာ သူတို့သရေကစားလိမ့်မယ် ထင်ခဲ့သေးတာပဲ။ ဘယ်အသ မင်းကိုမှ ကျွန်တော်တို့တွေ တွက်ဆထားလို့မရတာကြောင့် အလုပ်ကို ပိုပြီးကြိုးစားဖို့ လိုလာပါလိမ့်မယ်။ ကျွန်တော်တို့အသင်းအနေနဲ့ အခြားအသင်းတွေအားလုံးအပေါ်မှာလည်း မလွှမ်းမိုးနိုင်ဘူး။ ဒါပေမယ့် ဘယ်အသင်းနဲ့ပဲ ရင်ဆိုင်ရ အနိုင်ရယူချင်ပါတယ်။ ဒီနှစ်ကတော့ ပြိုင်မြင်းနှစ်ကောင်းထဲရဲ့ ပြိုင်ပွဲမဟုတ်တော့ဘူး။ ဒီပြေးလမ်းမှာ ချယ်လ်ဆီး ယူနိုက်တက် စပါး အာဆင်နယ်တို့ ရှိနေကြမှာ။ ဒါက ကျွန်တော်တို့အားလုံးအတွက် ခက်ခဲတဲ့ အခိုက်အတန့်ဖြစ်နေမှာ။ ပြီးတော့ ဒီပြိုင်ပွဲက မာရသွန်ပါ။ တာတိုပြေးလမ်းမဟုတ်လို့ အခိုက်အတန့်ပေါင်းစုံကို ကျော်လွှားရမယ်။ အခုအချိန်က အသင်းအားလုံးကြိုးစားနေကြမှာ။ ချန်ပီယံဆုအကြောင်းကတော့ ပြောစရာကို မလိုသေးပါဘူး” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။