MySport Myanmar

တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ထိပ်တန်း တိုက်စစ်မှူး၃ဦးကို စောင့်ကြည့်နေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ် ၊ မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂျီးဆပ်နဲ့ အဲဗာတန် တိုက်စစ်မှူး လီဝင်တို့ သုံးဦးကို စောင့်ကြည့်နေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ နီးစပ်နေတဲ့ အာဆင်နယ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားကိုးရတဲ့ အထောင်တိုက်စစ်မှူး မရှိပဲ လာကာဇက်နဲ့ အန်ခီးတီးယားတို့လို အရန် တိုက်စစ်မှူးတွေကိုသာ အားကိုးနေရတာကြောင့်ပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ကွက်လပ်ကို အဓိကထား အင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

Photo Credit: Football London

လတ်တလောမှာ အာဆင်နယ်က သူတို့အသင်းရဲ့ ကင်းထောက်တွေကို ဥရောပ တလွှားဆီ စေလွှတ်ကာ တိုက်စစ်မှူး ရှာပုံတော် ဖွင့်နေပေမယ့် အာဆင်နယ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ မာတီနက်ဇ် ၊ ဂျီးဆပ်နဲ့ လီဝင်တို့ သုံးဦးသာ ရှိနေပြီး အဆိုပါသုံးဦးထဲက တဦးကို ခေါ်ယူဖို့ စီစဉ်နေသလို နောက်ထပ် အရန် တိုက်စစ်မှူး တဦးကိုပါ ခေါ်ယူဖို့ ရည်ရွယ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနက ဆိုပါတယ်။

မာတီနက်ဇ် ၊ ဂျီးဆပ်နဲ့ လီဝင်တို့ သုံးဦးစလုံးဟာ အသက်အရွယ်အရ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်နေတဲ့ ကစားသမားတွေ ဖြစ်ကြပြီး အဆိုပါ သုံးဦးအနက် မာတီနက်ဇ်က ခြေစွမ်းပိုင်း အထက်မြတ်ဆုံး ဖြစ်နေပေမယ့် ဂျီးဆပ်နဲ့ လီဝင်တို့က ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူးတွေ ဖြစ်ကြတာကြောင့် သူတို့နှစ်ဦးစလုံးက အာဆင်နယ်နဲ့ လိုက်ဖက်ညီကြတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။

Photo Credit: Football London

ပြောင်းရွှေ့ကြေးအပိုင်းကို ကြည့်ရှုရင်လည်း သုံးဦးစလုံးရဲ့ တန်ကြေးဟာ ယူရို ၆၀သန်း ဝန်းကျင်သာ ရှိတာကြောင့် အာဆင်နယ်အနေနဲ့ သူတို့သုံးဦးထဲက တဦးကို ခေါ်ယူနိုင်ဖွယ် ရှိနေပြီး အကယ်၍ အဲဗာတန်ကသာ တန်းဆင်းသွားခဲ့ရင် အာဆင်နယ်က လီဝင်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့တင် ခေါ်ယူနိုင်မှာပါ။

ဒါပေမယ့် တဖက်မှာ အာဆင်နယ်ရဲ့ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အာဆင်နယ်အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားရင် မန်ချက်စတာ ယူနိုက်တက်နဲ့ ထိပ်တိုက် ပြိုင်ဆိုင်ရဖို့ ရှိနေပြီး အာဆင်နယ်က ဂျီးဆပ်နဲ့ လီဝင်တို့ နှစ်ဦးစလုံးကိုတော့ ပြိုင်ဘက်မရှိတဲ့ အနေအထား တရပ်နဲ့ ခေါ်ယူဖို့ ကြိုးစားနိုင်မှာလည်း ဖြစ်ပါတယ်။

Exit mobile version