အာဆင်နယ်အသင်းဟာ အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း တိုက်စစ်ကစားသမား ပီယာအန်းမရစ်ခ်အူဘာမီယန်းကို မကြာခင် စတင်ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ အသင်းကနေ ရှင်းထုတ်သွားဖွယ် ရှိနေရာ အသင်းကနေ ကာလတို အငှားချလိုက်ခြင်းထက် သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ ပြန်လည်ထွက်ခွာချင်နေတဲ့ ကစားသမားတစ်ဦးဦးနဲ့ ကစားသမားချင်း အလဲအထပ်ပုံစံမျိုး ပြုလုပ်သွားဖို့ကိုသာ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းဟာ စည်းကမ်းပိုင်းဆိုင်ရာ ဖောက်ဖျက်မှုတွေကြောင့် သူရဲ့ အသင်းခေါင်းဆောင်ရာထူးနဲ့ ပွဲကစားခွင့်တွေကိုပါ ဆုံးရှံးခဲ့ရပြီးနောက်မှာ အသင်းနဲ့ လမ်းခွဲသွားရဖို့အထိပါ တဖြည်းဖြည်း နီးစပ်လာခဲ့ရတာ ဖြစ်ပါတယ်။ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ အူဘာမီယန်းကိုလည်း လတ်တလောမှာတော့ ဘာစီလိုနာ ဂျုဗင်တပ်စ်အသင်းတွေကနေ ခေါ်ယူသွားချင်နေပြီး အာဆင်နယ်အသင်းဘက်ကလည်း ဒီအသင်း(၂)သင်းရဲ့ ကစားသမားတွေကို ပြန်လည်အလိုရှိနေတာကြောင့် အူဘာမီယန်း ဘာစီလိုနာ ဒါမှမဟုတ် ဂျုဗင်တပ်စ်အသင်းရဲ့ ကစားသမားတစ်ဦးဦးနဲ့ အလဲအထပ်ပုံစံမျိုး လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Daily Express

အူဘာမီယန်းဟာ လက်ရှိမှာ ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကနေစတင်ပြီး ဝက်စ်ဟမ်း လိဒ်စ်အသင်းတို့ရဲ့ ပွဲစဉ်တွေအထိ အသင်းအတွက် ကစားခွင့် မရခဲ့သလို ဆန်းဒါလန်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ခါရာဘောင်းဖလားပွဲအထိပါ ဆက်တိုက်ကို ပွဲကစားခွင့် ဆုံးရှုံးထားရပါတယ်။ အူဘာမီယန်းအနေနဲ့ လာမယ့် ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်းမှာပဲ သူရဲ့ဂါဘွန်လက်ရွေးစင်အသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကိုပါ ဆက်လက်ဆင်နွဲရဖွယ် ရှိနေတာကြောင့် နောက်ထပ် ရက်သတ္တပတ် အနည်းငယ်ခန့်အထိကို အာဆင်နယ်အသင်းအတွက် ပွဲကစားခွင့်တွေ ဆက်တိုက်ဆုံးရှုံးနေဦးမှာ ဖြစ်ပါတယ်။ အာဖရိကဖလားပြိုင်ပွဲအပြီးမှာလည်း အာဆင်နယ်နည်းပြ အာတီတာဘက်ကနေ အူဘာမီယန်းကို အသင်းမှာ ပြန်လည်နေရာပေးဖို့က မသေချာတော့တာကြောင့် သူ့ကို ဘာစီလိုနာ ဂျုဗင်တပ်စ်အသင်းတို့ကနေ ချိတ်ဆက်လာခဲ့တာဖြစ်ပြီး ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်လို့နေတဲ့ ဘာစီလိုနာအသင်းဆိုရင် အူဘာမီယန်းကို အငှားနဲ့ ကမ်းလှမ်းထိပါ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကတော့ အူဘာမီယန်းကို အငှားချဖို့ထက် ဘာစီလိုနာကနေ ထွက်ခွာဖွယ် ရှိလို့နေတဲ့ ကော်တင်ဟို ဒါမှမဟုတ် ဒမ်ဘီလီတို့နဲ့သာ ကစားသမား အလဲအထပ်သာ လုပ်ဆောင်ချင်နေပြီး ဂျုဗီဘက်ကနေ ကမ်းလှမ်းလာရင်လည်း အာသာမယ်လို ဒါမှမဟုတ် ဘာနာဒက်စကီးတို့နဲ့ အလဲအထပ်သာ လုပ်ဆောင်သွားချင်နေပါတယ်။