အာဆင်နယ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ သူတို့အသင်းရဲဲ့ အဓိကတိုက်စစ်မှူး အသင်းခေါင်းဆောင် အူဘာမီယန်းကို လက်လွတ်ရဖို့ အလွန်နီးစပ်လို့နေပြီး အူဘာမီယန်းကိုလည်း ဘာစီလိုနာ အင်တာမီလန် ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက အပြိုင်စိတ်ဝင်စားနေကြပါတယ်။ အသင်းရဲ့ အမာခံကစားသမားတစ်ယောက်ကို စွန့်လွတ်ရဖို့ နီးစပ်လျက်ရှိနေတဲ့ အာဆင်နယ်အသင်းဟာ အူဘာမီယန်းရဲ့နေရာမှာ တိုက်စစ်မှူးတစ်ယောက်ကို ပြန်လည်အစားထိုးနိုင်ဖို့အတွက် လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား မူဆာဒမ်ဘီလီကို အလိုရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Image

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမားဒမ်ဘီလီဟာ ဖူလ်ဟမ်အသင်းနဲ့အတူ အင်္ဂလန်မြေမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် ဆဲလ်တစ်အသင်း ဆဲလ်တစ်ကနေတစ်ဆင့် လိုင်ယွန်အသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဥရောပရဲ့အထွန်းတောက်ဆုံးကစားသမားလို့ သတ်မှတ်ခံထားရတဲ့ ဒမ်ဘီလီဟာ လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြသနေနိုင်တာမို့ သူ့ကို ဂျုဗင်တပ်စ် မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးအစရှိတဲ့ အသင်းတွေကနေ ပစ်မှတ်ထားလို့နေကာ အခုလည်း အူဘာမီယန်းကို လက်လွတ်ရဖွယ်ရှိနေတဲ့ အာဆင်နယ်အသင်းကပါ ဒမ်ဘီလီကို ခေါ်ယူဖို့ ချဉ်းကပ်လာခဲ့ပြန်ပါတယ်။

Photo Credit : Sky Sport

လိုင်ယွန်အသင်းကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းကနေ လက်လွတ်လိုက်ဖို့ ဆန္ဒမရှိပဲ တကယ်လို့ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တော့ အနည်းဆုံး ပေါင်(၇၃)သန်းလောက်နဲ့ ကမ်းလှမ်းလာမှသာ ရောင်းချဖွယ်ရှိနေပါတယ်။ ဒီပမာဏက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလှမ်းဝေးနေသေးတဲ့ အာဆင်နယ်အသင်းအတွက် အခက်တွေ့နိုင်တဲ့ပမာဏလို့ သတ်မှတ်နိုင်ပေမယ့် အူဘာမီယန်းလို ကစားသမားမျိုးကို လက်လွတ်ရနိုင်တဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒမ်ဘီလီအတွက် တစ်ရာသီမှာ (၂၅)ဂိုးလောက် သွင်းယူနိုင်တဲ့သူမျိုးနဲ့ ပြန်လည်အစားထိုးသင့်ပါတယ်။ လတ်တလောမှာတော့ ဒမ်ဘီလီကို အာဆင်နယ်ရဲ့ မြို့ခံအသင်းဖြစ်တဲ့ ချယ်လ်ဆီးဘက်ကနေလည်း စိတ်ဝင်တစားဖြစ်နေသလို ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်တုန်းကလည်း ကမ်းလှမ်းခဲ့သေးတာကြောင့် ဒမ်ဘီလီအတွက် အာဆင်နယ်နဲ့ချယ်လ်ဆီးတို့ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာနိုင်ပါတယ်။