ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ အကြီးအကဲတွေဟာ ပြင်သစ်ကလပ် လိုင်လီအသင်း ကနေ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၇၂သန်းနဲ့ ခေါ်ယူထားတဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံ ကစားသမား တစ်ဦးဖြစ်တဲ့ နီကိုလပ်စ် ပေပေကို ပြောင်းရွှေ့ကြေး မြင့်မားစွာ ပေးကာ ခေါ်ယူခဲ့တာဟာ မှားယွင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်ခဲ့ကြောင်း သုံးသပ် နေကြတယ် လို့ အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အာဆင်နယ် အသင်းဟာ ၂၀၁၉ခုနှစ်မှာ နည်းပြ အူနိုင်းအမ်မရီရဲ့ တောင်းဆိုချက် အရ တောင်ပံ ကစားသမား တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ကနဦးမှာ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ တောင်ပံ ကစားသမား ဇာဟာကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသက်အရွယ် အရ ပိုမို ငယ်ရွယ်သလို ခြေစွမ်းခြေစ ပိုကောင်းတဲ့ ပေပေကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

Photo Credit: Mirror

ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ မှန်းဆချက်ဟာ မှားယွင်းခဲ့ပြီး နီကိုလပ်စ် ပေပေဟာ ပရီးမီးယားလိဂ် မှာ အသားကျဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဘယ်ခြေအားသန် ကစားသမား တစ်ဦးဖြစ်သလို လိမ်ခေါက် ဖြတ်ကျော်ရာမှာ ကောင်းမွန်တာကြောင့် ပေပေဟာ တစ်ဦးချင်း ကစားရာမှာ ကောင်းမွန်ပေမယ့် အသင်းလိုက် စုဖွဲ့ကစားတဲ့ အာဆင်နယ် အသင်းရဲ့ ကစားပုံနဲ့ အံမဝင်ဝင်တာကြောင့် ခြေစွမ်းပြဖို့ ရုန်းကန် နေရတာပါ။ ပေပေဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၆ပွဲအထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူ ပေးထားပြီး ဂိုးဖန်တီးမှု ၁၂ကြိမ်အထိ ပြလုပ် ထားနိုင်သူပါ။ ဒါ့ကြောင့် အာဆင်နယ် အသင်းရဲ့ လက်ရှိ နည်းပြဖြစ်သူ အာတီတာက ပေပေကို အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာမယ့် ကစားသမား အဖြစ် ရှုမြင်နေပါတယ်။

Photo Credit: Mirror

လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အာဆင်နယ် အသင်းရဲ့ အကြီးအကဲတွေ ဟာ နီကိုလပ်စ် ပေပေရဲ့ ခြေစွမ်းပိုင်းကို ယုံကြည်ခြင်း မရှိတော့ပဲ ယခုထက် ပိုပြီး တန်ကြေး မကျသွားခင် မှာ ရောင်းချသွားဖို့ အထိ စဉ်းစားနေကြောင်း သိရပါတယ်။ လက်ရှိ အချိန်မှာ ပေပေရဲ့ တန်ကြေးဟာ ယူရို ၄၅သန်း ဝန်းကျင် ရှိတာကြောင့် အာဆင်နယ်အသင်း အနေနဲ့ သူ့ကို ပြန်လည် ရောင်းချမယ် ဆိုရင် ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား ပြန်လည် ရရှိနိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ လက်ရှိနည်းပြ ဖြစ်သူ အာတီတာဟာ ပေပေကို အသင်းရဲ့ ထောက်တိုင် ကစားသမား အဖြစ် သုံးစွဲဖို့ ရည်ရွယ် ထားတာကြောင့် ပေပေအနေနဲ့ အာဆင်နယ် ကစားသမား အဖြစ် ဆက်လက် ရှိနေနိုင်ဖို့ သက်သေပြ နိုင်ပါသေးတယ်။