ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းက အရောင်းစာရင်း တင်လိုက်တဲ့ ဝါရင့် ကွင်းလယ်လူ ဝစ်နယ်ဒန်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဝစ်နယ်ဒန်ဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ ယခုနှစ် ဘောလုံးရာသီ အစကမှ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ထားသူ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ပီအက်စ်ဂျီအသင်းက ဝစ်နယ်ဒန်ကို ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပေမယ့် အသင်းထံ ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ် ၊ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ၊ အီတလီ နံပါတ်တစ် ဂိုးသမား ဒွန်နာရမ်မာတို့ ရောက်ရှိလာတာကြောင့် လုပ်ခလစာ ပေးချေရမှုကို လျှော့ချဖို့ အတွက် ဝစ်နယ်ဒန်ကို ပြန်လည် ရောင်းချဖို့ ပြင်ဆင်နေတာပါ။

တဖက်မှာလည်း ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ အရန် ကစားသမား အဖြစ်သာ ကျင်လည်နေရတဲ့ ဝစ်နယ်ဒန်က လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ သူ့ရဲ့ အောင်မြေ ဖြစ်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝစ်နယ်ဒန်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ်အသင်း အများစုက စိတ်ဝင်စားနေပေမယ့် အာဆင်နယ်အသင်းက ဝစ်နယ်ဒန်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေပြီး ဝစ်နယ်ဒန်ကလည်း အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ အယ်နီနီကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ဝစ်နယ်ဒန်ကို အငှားနဲ့ ခေါ်ယူဖို့ စတင် ကြိုးပမ်းလာတာ ဖြစ်ပြီး အာဆင်နယ်အသင်း ကနေ ထွက်ခွာမယ့် အယ်နီနီကိုတော့ နယူးကာဆယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။