အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုများစွာကို လုပ်ဆောင်ခဲ့ပြီး အသင်းကို အင်အားဖြည့်တင်းထားခဲ့သလို လာမယ့် ဇန်နဝါရီလအတွင်းမှာလည်း အာဖရိကနိုင်ငံဖလားပြိုင်ပွဲအတွက် ကစားသမား စေလွတ်မှုတွေကို လုပ်ဆောင်ရတော့မှာဖြစ်လို့ နောက်ထပ်ကစားသမားသစ်တွေကို အလိုရှိနေကာ လတ်တလောမှာတော့ လိုင်လီအသင်းရဲ့ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်းမှာ ကျင်းပပြုလုပ်သွားမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အာဆင်နယ်အသင်းကနေ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ သောမတ်ပါတေးနဲ့ မိုဟာမက်အယ်လ်နီနီတို့နှစ်ဦးကို စေလွတ်ရမှာဖြစ်လို့ သူတို့ရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို ခေါ်ယူချင်လာတာ ဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ ပေါ်တူဂီနဲ့ လိုင်လီအသင်းတို့ရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာ လိုင်လီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်သလို အသင်းနဲ့ စာချုပ်ကိစ္စ အဆင်မပြေ ဖြစ်လို့နေပြီး သက်တမ်းမတိုးဖို့က သေချာသလောက်ကို ရှိနေတာ ဖြစ်ပါတယ်။

Photo Credit : UK News Agency

ဒီလို အခြေအနေရှိနေတဲ့ ဆန်းချက်စ်ကို လိုင်လီအသင်းဘက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ချင်တဲ့အတွက် လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ Cut-price ပြောင်းရွှေ့ကြေး အနည်းငယ်ခန့်လောက်နဲ့ လက်လွတ်သွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲတုန်း ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ တောက်ပခဲ့တဲ့ ဆန်းချက်စ်ကို နွေရာသီ အပြောင်းအရွှေ့စျေးကွက်ကတည်းက ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားခဲ့ကြပြီး အသင်းဟောင်း ဘိုင်ယန်မြူးနစ်အပါအဝင် လီဗာပူးလ် ဘာစီလိုနာနဲ့ ဝုလ်ဗ်အသင်းတို့ကနေ စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ဆန်းချက်စ်ကို ဘာစီလိုနာ အေစီမီလန် အင်တာမီလန်အသင်းတွေကနေ စိတ်ဝင်စားလျက် ရှိနေကြပြီး အာဖရိက ကစားသမားတချို့ကို ဇန်နဝါရီတစ်လလုံးနီးပါး လက်လွတ်ရမယ့် အာဆင်နယ်အသင်းကပါ အလိုရှိလာခဲ့တယ်လို့ ပြင်သစ်အခြေစိုင် Le10sport ကနေ ဖော်ပြလာခဲ့ပါတယ်။