အာဆင်နယ်အသင်းဟာ အသင်းမှာ လိုအပ်နေတဲ့ တိုက်စစ်နေရာအတွက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပေမယ့်လည်း ရပ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းထက် ကမ်းလှမ်းသွားဖို့ ဆန္ဒမရှိဘူးလို့ Football Transfer ကနေ ဖော်ပြလာပါတယ်။

အသက်(၂၇)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၅ကတည်းက ယူနိုက်တက် စီနီယာအသင်းအတွက် ကစားပေးခွင့် ရရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ယူနိုက်တက်ရဲ့ အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်မလာခဲ့ဘဲ နည်းပြအမော်ရင် လက်ထက်မှာ ပွဲကစားခွင့်ပါ နည်းသထက်နည်းလာခဲ့ရပါတယ်။

Photo Credit : Football365

အခုဆိုရင်လည်း ယူနိုက်တက်ဘက်က အသင်းမှာ အရေးပေးထားတဲ့ ရပ်ရှ်ဖို့ဒ်ကို လာမယ့် ဇန်နဝါရီမှာပဲ အသင်းကနေ ရောင်းထုတ်သွားဖို့ပါ ပြင်ဆင်လာခဲ့ပြီး အမော်ရင်ကလည်း အသင်းရဲ့ ဆုံးဖြတ်ချက်ကို လက်ခံထားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ယူနိုက်တက် တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်အပြင် ဇာ့ခ်ဇီးနဲ့ ဂါနာချိုတို့ရဲ့ စွမ်းဆောင်ရည်တွေပါ အားရစရာမကောင်းတဲ့ အနေအထားတွေလည်း ဖြစ်နေပြန်ပါတယ်။

ဒီကစားသမားတွေထဲကမှ ရပ်ရှ်ဖို့ဒ်ကတော့ အသင်းကနေ အရင်ဦးဆုံး ထွက်ခွာသွားရဖို့ ရှိနေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာမယ်ဆိုရင်တော့ အခု ဈေးကွက်မှာပဲ ရပ်ရှ်ဖို့ဒ်ကို ရောင်းချသွားနိုင်ပါတယ်။ လတ်တလောမှာလည်း ရပ်ရှ်ဖို့ဒ်က ကလပ်အသင်း တချို့နဲ့ပါ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Optus Sports

ဒီထဲမှာ အာဆင်နယ်အသင်းလည်း ပါဝင်လို့နေပြီး အာဆင်နယ်က လက်ရှိမှာ ဆာကာ ဒဏ်ရာရနေသလို အထောင်တိုက်စစ်နေရာအတွက် တိုက်စစ်မှူး ဖြည့်တင်းသွားချင်နေပြီး သူတို့ စောင့်ကြည့်နေတဲ့ ကစားသမားတွေထဲမှာ ရပ်ရှ်ဖို့ဒ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အတွက် ပေါင်(၂၅)သန်းထက် ပိုမိုတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းသွားဖို့ ဆန္ဒမရှိတဲ့အပြင် ကိုလို မူအာနီ ၊ ဒူဆန် ဗလာဟိုဗစ်တို့လို တိုက်စစ်မှူးမျိုးကိုသာ ဦးစားပေး ကမ်းလှမ်းသွားဖွယ်သာ ရှိနေပြီး ဒီကစားသမားတွေ မရမှသာ ရပ်ရှ်ဖို့ဒ်ကို ကြိုးပမ်းနိုင်ပါတယ်။