MySport Myanmar

ရိုဒရီဂိုထက် နီကို ဝီလီယံစ်ကိုသာ ပိုမို အလိုရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ တိုက်စစ်ပိုင်း အားဖြည့်ဖို့အတွက် တောင်ပံတိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖြည့်တင်းသွားဖို့ ရှိနေရာ ရီးယဲလ် မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုထက် ဘီလ်ဘာအိုကြယ်ပွင့် နီကို ဝီလီယံစ်ကိုသာ ဦးစားပေး ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

အသက်(၂၄)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ရိုဒရီဂိုဟာ ရီးယဲလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေရသလို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတွေနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : GOL digital

ရိုဒရီဂိုလို အရည်အသွေးမြင့် တိုက်စစ်ကစားသမားမျိုးကို လီဗာပူးလ် မန်စီးတီး အာဆင်နယ် ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်တို့လို ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေက ခေါ်ယူချင်နေကြပြီး တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ အာဆင်နယ်ကလည်း ရိုဒရီဂိုနဲ့ ရီးယဲလ်အသင်းတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းထွက်နေပါတယ်။

ဒါပေမယ့် Transfer dot com ဘောလုံးသတင်းဝက်ဆိုဒ်ရဲ့ ဖော်ပြချက်မှာတော့ အာဆင်နယ်အသင်းဟာ ရီးယဲလ်က ထွက်ခွာတော့မယ့် ရိုဒရီဂိုကို ခေါ်ယူဖို့ထက် သူတို့ရဲ့ အဓိကပစ်မှတ် ကစားသမားဖြစ်တဲ့ ဘယ်တောင်ပံ winger နီကို ဝီလီယံစ်ကိုသာ ဦးစားပေး ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Football Espana

အသက်(၂၂)နှစ်အရွယ် စပိန်လက်ရွေးစင် နီကို ဝီလီယံစ်ဟာ ဒီဘောလုံးရာသီအကုန်မှာ ဘီလ်ဘာအိုကနေ ထွက်ခွာသွားဖို့ အစီအစဉ် ရှိနေပြီး သူ့ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းအနေနဲ့ကလည်း ကစားသမားအတွက် ယူရိုသန်း(၆၀)တန် စာချုပ်ဖျက်သိမ်းကြေးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

အာဆင်နယ်အနေနဲ့ နီကို ဝီလီယံစ်လို တောင်ပံတိုက်စစ်ကစားသမားထက် နံပါတ်(၉)နေရာအတွက် ဂိုးသွင်းအားကောင်းတဲ့ အထောင်တိုက်စစ်မှူးတစ်ဦးကိုတော့ မဖြစ်မနေ ခေါ်ယူသွားဖို့ ရှိနေပြီး လက်ရှိမှာတော့ စပို့တင်း လစ္စဘွန်းအသင်း တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေရပါတယ်။

Exit mobile version