အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ လော်သာရိုမာတီနက်ဇ်ကို အရခေါ်ယူသွားဖို့အတွက် ကြိုးပမ်းမှုတွေကို ထပ်မံလုပ်ဆောင်လျက်ရှိနေပြီး အင်တာဘက်ကနေ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ ကမ်းလှမ်းဖို့က ခက်ခဲနေတာကြောင့် အပြောင်းအရွှေ့တချို့ အပါအဝင် အသင်းရဲ့ ညာနောက်ခံလူ ဟက်တာဘယ်လာရင်နဲ့ တိုက်စစ်ကစားသမား အလက်ဇန်းဒါးလာကာဇက်တို့နှစ်ယောက်ကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit : Daily Cannon

အာဆင်နယ်အသင်းဟာ အခု နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ အင်္ဂလန် နောက်ခံကစားသမား ဘင်ဝှိုက်ကို ပေါင်သန်း(၅၀)နဲ့ ခေါ်ယူထားခဲ့သလို ကွင်းလယ်လူ လိုကွန်ဂါနဲ့ ဘယ်နောက်ခံလူ တာဗာရက်စ်တို့ကိုလည်း ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အာဆင်နယ်ဘက်က ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ချင်နေပြီး တိုက်စစ်ပိုင်းအတွက်ကိုတော့ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒီကစားသမားကို ရရှိဖို့အတွက် အာဆင်နယ်ဘက်က ကနဦးပိုင်းမှာ ဘယ်လာရင်အပါအဝင် ယူရိုသန်း(၅၀)နဲ့ ကမ်းလှမ်းမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆင်နယ်ဟာ ပြောင်းရွှေ့ကြေးကို အနည်းငယ် လျှော့ချပြီး ဘယ်လာရင်နဲ့ လာကာဇက်တို့နဲ့ အလိုက်ပေး ကမ်းလှမ်းလာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

Photo Credit : Twitter

မာတီနက်ဇ်ကို အာဆင်နယ်အသင်းက အလိုရှိနေသလို အသက်လက်တီကိုမက်ဒရစ်အသင်းကပါ စိတ်ဝင်စားလျက် ရှိနေသလို အင်တာဘက်ကလည်း လူကာကူကို ချယ်လ်ဆီးအသင်းဆီ လက်လွတ်ရဖို့ နီးစပ်နေတာကြောင့် နောက်ထပ် တိုက်စစ်ကစားသမားဖြစ်တဲ့ မာတီနက်ဇ်ကိုပါ ထပ်မံဆုံးရှုံးချင်မှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းဖွယ် ရှိနေတာကြောင့် အာဆင်နယ်အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူနိုင်ရေးက ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်က မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် လက်လျှော့ဦးမှာ မဟုတ်ပဲ အင်တာမီလန်ဘက်က လက်ခံလာနိုင်တဲ့အထိ ထပ်ပြီးကမ်းလှမ်းဖွယ် ရှိလာနိုင်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်ဟာ မာတီနက်ဇ်အပြင် လက်စတာအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်ကိုပါ ကစားသမား အလိုက်ပေးမှုတွေနဲ့အတူ ကမ်းလှမ်းဖွယ် ရှိနေပြီး ကစားသမားကိုယ်တိုင်ကပါ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။