ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အားနည်းချက် တခု ဖြစ်တဲ့ ကွင်းလယ်ပိုင်းကို ဖာထေးဖို့ အတွက် ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လိုကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ နှစ်အနည်းငယ် ကြာအောင် ဝေးကွာနေတဲ့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ နီးစပ်နေတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကို အားဖြည့်ဖို့ စဉ်းစားနေပြီး တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းကို အဓိက အင်အားဖြည့်ဖို့ လျာထားပါတယ်။

Photo Credit: Team Talk

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘာစီလိုနာအသင်း ကနေ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘာစီလိုနာအသင်းမှာ ရှိနေစဉ်က ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်အသင်းထံ ရောက်ရှိပြီးချိန်မှာတော့ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ပါ ရုန်းကန်နေရပါတယ်။

ဒါကြောင့်ပဲ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ချင်နေတဲ့ အာသာ မယ်လိုက ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပြီး ဂျူဗင်တပ်အသင်းထံလည်း အသင်းပြောင်းခွင့် တောင်းခံထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Gazetta သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အာသာ မယ်လိုကို ခေါ်ယူဖို့ စတင် ချိတ်ဆက်နေပြီး ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဂျူဗင်တပ်အသင်းကလည်း အသင်းရဲ့နည်းပြ အယ်လီဂရီနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ အာသာ မယ်လိုကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး အာသာ မယ်လို အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေပါတယ်။