ကြီး(၄)ကြီးအသင်းတွေ အားပြိုင်အားပြိုင်သွားကြတော့မယ့် အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကတော့ ဒီတစ်ပတ်ရဲ့စနေနဲ့ တနင်္ဂနွေနေ့တွေမှာပဲ ကျင်းပသွားတော့မှာဖြစ်ကာ ဒီနေ့ည(မနက်ဖြန်မနက်အစောပိုင်း) ၁နာရီိ၁၅မိနစ်အချိန် အက်အေဖလားရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ အာဆင်နယ်နဲ့ အက်အေဖလားရဲ့လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီပွဲစဉ်ရဲ့အကြောင်းတွေကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

ပရီးမီးယားလိဂ်ရဲ့အမှတ်ပေးဇယားမှာ အဆင့်(၉)အထိကို ရောက်ရှိနေရတဲ့ အာဆင်နယ်ဟာ ယူရိုပါလိဂ်ဝင်ခွင့်တောင် မလွယ်ကူတော့တဲ့အတွက် အက်အေဖလားမှာ ချန်ပီယံဆုယူပြီး ယူရိုပါလိဂ်ကို ခြေစစ်ပွဲကနေ ဝင်ရောက်ကစားနိုင်မယ့်လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာနိုင်ပါတယ်။ အာဆင်နယ်က အက်အေဖလားနဲ့လည်း ကံစပ်တဲ့အသင်းဖြစ်သလို သူတို့နောက်ဆုံးကစားခဲ့တဲ့ အက်အေဖလားပွဲ(၃၀)မှာ (၂၇)ပွဲအထိတောင် အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမတိုင်ခင်မှာ လီဗာပူးလ်လို ပရီးမီးယားလိဂ်ချန်ပီယံအသင်းကို အလဲထိုးထားနိုင်လို့ စိတ်အားလည်းတတ်ကြွနေမှာ သေချာနေပါတယ်။

Photo Credit : Getty Image

မန်စီးတီးကတော့ အာဆင်နယ်နဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ (၇)ကြိမ်ဆက်တိုက် အနိုင်ရထားခဲ့သလို သွင်းဂိုးတွေလည်း များပြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လွတ်လိုက်ရတဲ့ မန်စီးတီးက သူတို့အတွက် ကျန်ရှိနေသေးတဲ့ ဆုဖလားမှန်သမျှကို အကုန်ယူဖွယ်ရှိနေပြီး လက်ရှိအက်အေဖလားမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒီပွဲမှာ မန်စီးတီးဘက်က လူစုံနီးပါး ထုတ်သုံးလာမှာဖြစ်သလို ဒီပွဲမတိုင်ခင် ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့် ပြန်လည်ပိုင်ဆိုင်ခဲ့တဲ့အတွက် စိတ်အားတတ်နေမှာ သေချာနေပြန်ပါတယ်။

Photo Credit : Sky Sports

လက်ရှိအခြေအနေတွေအရ အက်အေဖလားက ဒီအသင်း(၂)သင်းလုံးအတွက် အရေးကြီးလျက်ရှိနေတာကြောင့် အရမ်းကို အကြိတ်အနယ်ရှိလာမှာ အမှန်ပါပဲ။ မကြာသေးခင် ဆုံတွေ့ခဲ့မှုမှာ မန်စီးတီးက အပြတ်အသတ် အနိုင်ယူထားတယ်ဆိုပေမယ့် အခုလို ရှံးထွက်ပွဲစဉ်မျိုးမှာတော့ မန်စီးတီးပဲ အသာရလိမ့်မယ်လို့ ရာနှုန်းပြည့် မှတ်ချက်ချဖို့က မလွယ်ပါဘူး။ အာဆင်နယ်ရဲ့လက်ရှိတိုက်စစ်အနေအထားက မန်စီးတီးခံစစ်ကို ဒုက္ခပေးနိုင်တဲ့ အနေအထားမှာ ရှိလို့နေပြီး အဓိကတော့ အာဆင်နယ်ခံစစ်ပိုင်းက အမှားအယွင်း မလုပ်ဖို့ပဲ အာရုံစိုက်ရမှာဖြစ်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့လာရနိုင်ပြီး မန်စီးတီးသွင်းဂိုး စတင်ရရှိခဲ့မယ်ဆိုရင်တော့ အာဆင်နယ်တို့ ပြန်လာဖို့ မလွယ်နိုင်လောက်ပါဘူး။ မန်စီးတီးပဲ ဖိုင်နယ်တတ်ပါမယ်။