ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ဗီလာအသင်းတို့ဟာ ချန်ပီယံရှစ် ကလပ် နောဝှစ်ချ်အသင်းရဲ့ အာဂျင်တီးနား တောင်ပံတိုက်စစ် ကစားသမား ဘွန်ဒီယာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၄နှစ် အရွယ် ညာတောင်ပံ ကစားသမား ဘွန်ဒီယာဟာ ယခုနှစ် ဘောလုံးရာသီမှာ နောဝှစ်ချ်အသင်းကို ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် အဓိက ဦးဆောင်ပေးခဲ့တဲ့ ကစားသမား ဖြစ်ပြီး ယခုနှစ် ချန်ပီယံရှစ် ပြိုင်ပွဲမှာ ၃၉ပွဲ ပါဝင် ကစားခဲ့ရာ ၁၅ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ဘွန်ဒီယာကို ခေါ်ယူဖို့ ဥရောပ နာမည်ကြီးအသင်း တချို့က စောင့်ကြည့်နေတာ ဖြစ်ပြီး အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်းတွေ ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ဗီလာအသင်းတို့ ကတော့ ဘွန်ဒီယာ အတွက် နောဝှစ်ချ်အသင်းထံ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ အထိ စီစဉ်ထားကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အမှတ်ပေး ဇယားရဲ့ အဆင့် ၈နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို သွေးသစ်လောင်းဖို့ စဉ်းစားနေပြီး ဘွန်ဒီယာဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်ကြောင်း အာဆင်နယ် အသင်းနဲ့ နီးစပ်သူတွေက ပြောကြား ထားပါတယ်။

Photo Credit: Express

တစ်ဖက်မှာတော့ ဗီလာအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖွယ် ရှိတဲ့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ချ်ရဲ့ နေရာ အတွက် ဘွန်ဒီယာကို အလိုရှိနေတာ ဖြစ်ပြီး ဘွန်ဒီယာကို မြင့်မားတဲ့ လုပ်ခလစာ ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းဌာန တခုဖြစ်တဲ့ The Guardian သတင်းဌာန ကတော့ အာဆင်နယ်အသင်းနဲ့ ဗီလာအသင်းတို့ဟာ လက်ရှိမှာ ဘွန်ဒီယာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး နောဝှစ်ချ်အသင်းက ဘွန်ဒီယာ အတွက် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းကို နှစ်သင်းစလုံးက ပေးချေဖို့ လိုလားနေကာ နောဝှစ်ချ်အသင်း ကတော့ ဘွန်ဒီယာ ပြောင်းရွှေ့ချင်တဲ့ အသင်းနဲ့သာ အပြောင်းအရွှေ့ ကိစ္စကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။