MySport Myanmar

အာဆင်နယ်အသင်းဆီ ရောက်ရှိလာဖို့ အလွန် နီးစပ်နေတဲ့ တိုက်စစ်မှူး ယိုကီရက်စ်

ပေါ်တူဂီသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Leonino ကနေ ဖော်ပြလာတဲ့ သတင်းတွေအရ ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းအသင်းရဲ့ အဓိက တိုက်စစ်မှူး ဗစ်ခ်တာ ယိုကီရက်စ်ဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာဖို့ အလွန် နီးစပ်နေပြီလို့ သိရှိရပါတယ်။

အာဆင်နယ်က ဒီနွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမား များစွာကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း လိုက်ပ်ဇစ်ရဲ့ ဆလိုဗေးနီးယား တိုက်စစ်မှူးလေး ဘင်ဂျမင် ဆက်စ်ကို ကို ခေါ်ယူသွားဖို့ မအောင်မြင်ခဲ့တဲ့နောက်ပိုင်း အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့က အနည်းငယ် အားလျှော့သွားခဲ့ရပါတယ်။

Photo Credit : Trigger the Press

ဒီလို အခြေအနေမှာ နာမည်ကျော် ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက အာဆင်နယ်အနေနဲ့ တိုက်စစ်ပိုင်းထက် ကွင်းလယ် နံပါတ်(၆)နေရာအတွက်ကိုသာ ကစားသမား အင်အားဖြည့်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ကလည်း လက်ရှိမှာ နယူးကာဆယ် ကွင်းလယ်လူ ဂွီမာရေ့စ် ၊ အဲဗာတန် ကွင်းလယ်လူ အိုနာနာနဲ့ ဘင်ဖီကာ ဆယ်ကျော်သက် ကြယ်ပွင့်လေး ဂျာအို နေးဗက်စ်တို့ကို ချိန်ရွယ်လျက် ရှိနေပါတယ်။

ဒီအချိန်မှာပဲ ပေါ်တူဂီ သတင်းဌာနကနေ အာဆင်နယ်က စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဆွီဒင် တိုက်စစ်ကစားသမား ယိုကီရက်စ်ကို ခေါ်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို အံ့အားသင့်ဖွယ် ဖော်ပြလာခဲ့ပါတယ်။ ကိုဗင်ထရီ ကစားသမားဟောင်း ယိုကီရက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ကိုဗင်ထရီကနေ စပို့တင်းအသင်းဆီ ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Opta Analyst

အသက် (၂၆)နှစ်အရွယ် တိုက်စစ်မှူး ယိုကီရက်စ်ဟာ ကိုဗင်ထရီမှာ နောက်ဆုံးကစားခဲ့တဲ့ ရာသီမှာပဲ ပြိုင်ပွဲစုံ (၂၂)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့သလို အသင်းကိုပါ ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပေးဖို့အထိ နီးစပ်ခဲ့တာကြောင့် သူ့ကို စပို့တင်း လစ္စဘွန်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအထိပါ အသုံးပြုပြီး ခေါ်ယူခဲ့ပါတယ်။

အခုဆိုရင် ယိုကီရက်စ်က စပို့တင်းနဲ့လည်း တစ်ရာသီ ဖြတ်သန်းခဲ့ပြီးချိန် သွင်းဂိုး (၄၃)ဂိုးအထိတောင် လက်ဖျားခါလောက်အောင် သွင်းယူနိုင်ခဲ့တာကြောင့် သူ့ကို အာဆင်နယ် အပါအဝင် ကလပ်အသင်းကြီးတွေက ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အာဆင်နယ်က ယိုကီရက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ငွေကြေးပိုင်း အသေးစိတ် ညှိနှိုင်းဖို့သာ ကျန်နေတော့ပြီး ဆွေးနွေးမှုက နောက်ဆုံးအဆင့်ဆီတောင် ရောက်နေပြီလို့ Leonino က ဖော်ပြထားပါတယ်။

Exit mobile version