လာမယ့်နွေရာသီ ဘောလုံးသမားအပြောင်းအရွှေ့စာရင်းအတွင်း ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမယ့် ကစားသမားအရေအတွက်က အရမ်းကို များပြားလျက်ရှိနေပြီး ဒီထဲမှာ နောက်ခံအစွန်လူ ကစားသမား လေဗင်ကာဇာဝါလည်း ပါဝင်လျက်ရှိနေပါတယ်။ ဒီဘယ်နောက်ခံကစားသမားကို ဥရောပကလပ်အသင်းတော်တော်များများကနေ ခေါ်ယူဖို့အတွက် အပြိုင်ပစ်မှတ်ထားလို့နေပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကာဇာဝါကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်အသင်းက အခြေအနေအရမ်းကောင်းနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Internwcast

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်ဘယ်နောက်ခံကစားသမား ကာဇာဝါဟာ လာမယ့်ဇူလိုင်လ(၁)ရက်နေ့မှာပဲ သူရဲ့လက်ရှိအသင်းဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး ကစားသမားဘက်ကနေ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မိုနာကိုနောက်ခံလူဟောင်း ကာဇာဝါကို အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းများစွာနဲ့ ဘာစီလိုနာအသင်းတို့ကပါ ပစ်မှတ်ထားလို့နေကာ လက်ရှိ စပိန်ကနေ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အာဆင်နယ်အသင်းဆီ ရောက်ရှိဖို့သာ နီးစပ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : PSG

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ကာဇာဝါကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ဖူးပြီး အဆင်မပြေခဲ့လို့သာ ဆောက်သမ်တန်အသင်းရဲ့ နောက်ခံလူ စီဒရစ်ကို အငှားနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် TodoFichajes ကနေ ဖော်ပြလာချက်အရ အာဆင်နယ်အသင်းဟာ ကာဇာဝါကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ ကာဇာဝါဟာ ပီအက်စ်ဂျီအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေသူဖြစ်ကာ အသင်းရဲ့ ဘယ်နောက်ခံနေရာမှာ ဂျူအန်ဘားနတ်ပဲ နေရာပုံမှန်ရနေတာဖြစ်လို့ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ဒီရာသီမှာ စကော့တလန် ဘယ်နောက်ခံကစားသမားလေး ကီရန်တီယာနေးကို ဆဲလ်တစ်အသင်းကနေ ခေါ်ယူထားခဲ့ပေမယ့် တီယာနေးက တစ်ရာသီလုံးမှာ ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲရင်ဆိုင်ထားခဲ့ရပြီး ပွဲထွက်ခွင့် နည်းပါးလွန်းနေတာကြောင့် တီယာနေးကို အသင်းကနေ ရောင်းထုတ်ကာ ကာဇာဝါနဲ့ ပြန်လည်အစားထိုးချင်နေတာဖြစ်ပါတယ်။