ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ၂၀၂၁ခုနှစ် ဥရောပ နွေဈေးကွက်မှာ ငွေအသုံးအဆုံး အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေဈေးကွက်အတွင်းမှာ စုစုပေါင်း ကစားသမား ၆ဦး အထိ ဝယ်ယူခဲ့ပြီး ဂိုးသမား တဦး ၊ နောက်ခံလူ သုံးဦးနဲ့ ကွင်းလယ်လူ နှစ်ဦးတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အာဆင်နယ်အသင်းဟာ ဂိုးသမား နေရာ အတွက် ရှက်ဖီးလ် ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ရမ်စဒယ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၄သန်းနဲ့ ခေါ်ယူထားပြီး ဘရိုက်တန်အသင်းရဲ့ နောက်ခံလူ ဘန်ဝှိုက် (ပေါင် ၅၀သန်း) ၊ ဘင်ဖီကာအသင်းရဲ့ လူငယ် ဘယ်နောက်ခံလူ တာဗာရက် (၆.၈သန်း) ၊ ဘိုလော့ဂ်နာအသင်းရဲ့ ဂျပန်နောက်ခံလူ တိုမီယာဆု (ပေါင်၁၇သန်း) တို့ကို အသင်းရဲ့ ခံစစ်ကြောင်း အတွက် ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

ကွင်းလယ်နေရာ အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းထံ အငှားနဲ့ လာရောက် ကစားဖူးတဲ့ နော်ဝေ အသင်းခေါင်းဆောင် အိုဒီဂတ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ခေါ်ယူခဲ့သလို အန်ဒါလက်ချ် အသင်းခေါင်းဆောင် လိုကွန်ညာကိုလည်း ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့် အာဆင်နယ်အသင်းရဲ့ နွေရာသီ စုစုပေါင်း အသုံးစရိတ်ဟာ ပေါင် ၁၁၂.၈သန်း အထိ ရှိပြီး အပိုဆုကြေး ပေးချေရမယ့် အနေအထားတွေကိုပါ ထည့်တွက်ရင်တော့ ပေါင် ၁၃၁.၈သန်း အထိ အသုံးစရိတ်ဟာ မြင့်တက်သွားနိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ ကစားသမား ခေါ်ယူရာမှာ ငွေကြေး ဖောဖောသီသီ သုံးစွဲခဲ့ပေမယ့် ကစားသမား ရောင်းချရာမှာတော့ စုစုပေါင်း ပေါင် ၂၀သန်းကျော်သာ ရရှိခဲ့တာကြောင့် သူတို့အသင်းရဲ့ အသားတင် အသုံးစရိတ်ဟာ ပေါင် ၉၀သန်းကျော် အထိ ရှိပြီး ဥရောပရဲ့ အသားတင် အသုံးစရိတ် အမြင့်ဆုံး အသင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသေးတယ်။