MySport Myanmar

တောသားကြီးကို လန်ဒန်မြေဆီ ပြန်ခေါ်ယူဖို့ ဂန်းနား ပရိသတ်တွေ တိုက်တွန်း

“တောသားကြီး” လို့ နာမည်ပြောင် ရထားသူ အလက်ဆစ်ဆန်းချက်ဇ်ဟာ ဒီနှစ် ဘောလုံးရာသီ မာဆေးလ်အသင်းမှာ မထင်ထားလောက်အောင် ခြေစွမ်းပြသလျက် ရှိနေတာကြောင့် သူ့ကို အသင်းဆီ ပြန်ခေါ်ယူဖို့ အာဆင်နယ် ပရိသတ်တွေက သူတို့အသင်းဆီ တိုက်တွန်းထားကြပါတယ်။

Photo Credit : The Sun

လက်ရှိမှာ အသက် (၃၄)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ချီလီ တိုက်စစ်ကစားသမားကြီး ဆန်းချက်ဇ်ဟာ ၂၀၁၄ခုနှစ်ကမှ ဘာစီလိုနာကနေ အာဆင်နယ်အသင်းဆီ ပေါင်(၃၂)သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာဆင်နယ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ အာဆင်နယ်မှာ အက်အေဖလား (၂)လုံး ရယူနိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံ ဂိုး(၃၀)အထိတောင် သွင်းယူနိုင်ခဲ့တဲ့ ဆန်းချက်ဇ်ဟာ အာဆင်နယ်နဲ့ (၄)ရာသီအတွင်း (၁၆၆)ပွဲကစား ဂိုး (၈၀)အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Football London

အာဆင်နယ်ကနေ မန်ယူနိုက်တက် အင်တာမီလန်အသင်းတွေဆီ ဆက်တိုက် ပြောင်းရွှေ့ခဲ့တဲ့ ဆန်းချက်ဇ်ဟာ ဒီရာသီမှာပဲ လီဂူးဝမ်းကလပ် မာဆေးလ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး မာဆေးလ်အတွက် လီဂူး (၁၄)ဂိုး ချန်ပီယံလိဂ် (၂)ဂိုးနဲ့ Coup de France ဖလားပြိုင်ပွဲထဲ (၂)ဂိုး သွင်းယူပြီး စုစုပေါင်း (၁၈)ဂိုး သွင်းယူထားရင်း (၃)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ မာဆေးလ်မှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လို့နေပြီး အသင်းမှာ အထောင်တိုက်စစ်နေရာ ကွင်းလယ်တိုက်စစ်နေရာတွေအထိ ကစားရရင်း ဂိုးသွင်း စွမ်းရည်ကောင်းတွေလည်း ပြသထားနိုင်ပါတယ်။

Photo Credit : The Sun

ဒါပေမယ့် မာဆေးလ်က ဆန်းချက်ဇ်ကို ခေါ်ယူခဲ့စဉ်က (၁)နှစ်စာချုပ်နဲ့သာ ခေါ်ယူထားခဲ့တဲ့အတွက် ဒီရာသီအကုန်မှာပဲ ဆန်းချက်ဇ်ရဲ့ စာချုပ်ဟာလည်း ကုန်ဆုံးမှာဖြစ်လို့ ဒီအခြေအနေမှာ မာဆေးလ်ဘက် ဆန်းချက်ဇ်ကို စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေသေးတာကြောင့် ဒီအခြေအနေကို အခွင့်ကောင်းယူဖို့ အာဆင်နယ် ပရိသတ်တွေက အသင်းထံ တောင်းဆိုထားပါတယ်။ ဆန်းချက်ဇ်ရဲ့ လက်ရှိ အသက်အရွယ်အရ အသင်းဆီ မခေါ်ယူသင့်တော့ပေမယ့် သူရဲ့ လက်ရှိ စွမ်းဆောင်ရည်အရဆိုရင် အာဆင်နယ်အတွက် အကောင်းဆုံး အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ အာဆင်နယ် ပရိသတ်တွေက ထောက်ပြ ပြောဆိုထားပါတယ်။

Exit mobile version