ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေကို ခပ်မြန်မြန်ပဲ ပြုလုပ်နေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းဟာ စပိန်လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာလာတဲ့ ဝါရင့် စပိန်ခံစစ်မှူး ရာမို့စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက အတည်ပြု ဖော်ပြလာပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် စပိန်နောက်ခံလူ ရာမို့စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ တချို့ကြောင့် ပွဲကစားချိန် အနည်းငယ် လျော့နည်းခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းဟာ အကောင်းဆုံး အနေအထား တရပ်မှာ ရှိနေသလို သူ့ရဲ့ အသင်းအပေါ် ဦးဆောင်နိုင်စွမ်းကလည်း မြင့်မားတာကြောင့် သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။

Photo Credit: The Sun

လက်ရှိမှာ ရာမို့စ်ဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ပြင်သစ် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

ဒါပေမယ့် ယခုအချိန်မှာတော့ အာဆင်နယ်အသင်းဟာ ရာမို့စ်ကို ခေါ်ယူဖို့ ကြိုးစားမှုတွေ ပြုလုပ်လာပြီး အာဆင်နယ်အသင်းရဲ့ စပိန်လူမျိုး နည်းပြ ဖြစ်သူ အာတီတာဟာ ရာမို့စ်ကို ခေါ်ယူနိုင်ဖို့ သူကိုယ်တိုင် ဖုန်းဆက်ကာ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် ဖြစ်သူ Ruben Uriaရဲ့ ဖော်ပြချက်အရ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပေမယ့် အာဆင်နယ်အသင်းဆီ ကနေ ကမ်းလှမ်းမှု ရလာချိန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ချုပ်ဆိုမယ့် အစီအစဉ်ကို ခေတ္တ ရပ်ဆိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှု တချို့ ပြုလုပ်နေကြောင်း သိရပါတယ်။

ဒါပေမယ့် ရာမို့စ်ဟာ အာဆင်နယ်အသင်းထက် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့သာ ပိုမို စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းဟာ ရာမို့စ်ကို ခေါ်ယူချင်ပါက ပီအက်စ်ဂျီအသင်းက ရာမို့စ်ကို ကမ်းလှမ်းထားတဲ့ လုပ်ခလစာထက် ပိုမို များပြားတဲ့ လုပ်ခလစာကို ပေးချေရဖို့ ရှိပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို တပတ် လုပ်ခလစာ ယူရို ၂၀၀၀၀၀ အထိ ပေးချေဖို့ ကမ်းလှမ်းထားတာပဲ ဖြစ်ပါတယ်။