ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ စပိန် လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ရာသီဝက် အငှားနဲ့ ခေါ်ယူထားတဲ့ နော်ဝေကွင်းလယ်လူ အိုဒီဂတ်ကို အပြီးသတ် ခေါ်ယူချင်ပါက ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို ရီးရဲလ်မက်ဒရစ် အသင်းက သတ်မှတ်ခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။ အသက် ၂၂နှစ် အရွယ် နော်ဝေ လက်ရွေးစင် ကွင်းလယ်လူ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းထံကို အသက် ၁၆နှစ် အရွယ်ထဲက ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ အသင်းမှာ ပုံမှန် ကစားခွင့် မရသေးသလို ပုံမှန် ကစားခွင့် ရရှိဖို့ အခြား အသင်းတွေထံ အငှားနဲ့ ပြောင်းရွှေ့ ကစားနေရသူပါ။

Photo Credit: Daily Mail

လက်ရှိမှာတော့ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ သူ့အတွက် ပုံမှန် ကစားခွင့် ရရှိမယ့် ထိပ်တန်း အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေပြီး အာဆင်နယ် အသင်းကလည်း အိုဒီဂတ်ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အိုဒီဂတ်ဟာ အာဆင်နယ်အသင်းမှာ ရာသီဝက် ကစားခဲ့ရာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲ ၂၀ ပါဝင် ကစားခွင့် ရခဲ့ပြီး သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက အိုဒီဂတ်ကို အသင်းထံ ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပြီး စပိန် အခြေစိုက် သတင်းဌာနတွေ ကတော့ အိုဒီဂတ်အတွက် ရီးရဲလ်မက်ဒရစ် အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးဟာ မြင့်မားတာကြောင့် အာဆင်နယ်အသင်း အနေနဲ့ အိုဒီဂတ်ကို ခေါ်ယူနိုင်ဖို့ မလွယ်ကြောင်း သုံးသပ်ထားကြပါတယ်။

Photo Credit: Daily Mail

စပိန်အခြေစိုက် သတင်းဌာနတခု ဖြစ်တဲ့ Defensa Centralရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ အိုဒီဂတ်ကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးတရပ် ရမှသာ ရောင်းထုတ်သွားမှာ ဖြစ်ပြီး အာဆင်နယ်အသင်းဟာ အိုဒီဂတ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် အသင်းထံ စုံစမ်းမှုတခု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းအရ အာဆင်နယ်အသင်းဟာ အိုဒီဂတ်ကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း အထိ ပေးချေရဖို့ ရှိနေပြီး အဆိုပါ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် အာဆင်နယ်အသင်းဟာ အိုဒီဂတ်ကို ခေါ်ယူဖို့ လက်တွန့်နေကြောင်း သိရကာ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ အာဆင်နယ် အသင်းဟာ အိုဒီဂတ်ကို မခေါ်ယူဖြစ်ပါက နောဝှစ်ချ်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဘွန်ဒီယာကို ခေါ်ယူသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။