ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က သူတို့ရဲ့ ကွင်းလယ်ပိုင်း အတွက် ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ရာ အောင်မြင်မှု မရတာကြောင့် ကိုင်စီဒိုအစား ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပြောင်းလဲ ခေါ်ယူဖို့ ကြိုးစားလာကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အာဆင်နယ်က ဗဟိုကွင်းလယ်နေရာမှာ ပါတေး ၊ ချာကာ ၊ လိုကွန်ညာနဲ့ အယ်နီနီတို့ ၄ဦးကိုသာ ပိုင်ဆိုင်ထားရာမှာ အယ်နီနီက ဒဏ်ရာပြဿနာကြောင့် အနားယူနေရသလို အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ပါတေးကလည်း မန်ချက်စတာ စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေပွဲမှာ နံရိုးဒဏ်ရာ ရသွားခဲ့ပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ အာဆင်နယ်က ယခု ဆောင်းဈေးကွက် အတွင်းမှာ ကွင်းလယ်လူသစ် တဦး ထပ်မံ ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာခဲ့တာ ဖြစ်ပြီး အာဆင်နယ်က ဘရိုက်တန် ကွင်းလယ်ဗိုလ်ချုပ် ကိုင်စီဒိုအတွက် ပေါင် ၆၅သန်း ကမ်းလှမ်းမှု ၊ ပေါင် ၇၀သန်းတန် ကမ်းလှမ်းမှုတို့ကို ပေးပို့ခဲ့ပေမယ့် ဘရိုက်တန်ဘက်က သူတို့ရဲ့ ကမ်းလှမ်းမှုတွေကို အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။

ဒါ့အပြင် ဘရိုက်တန်က သူတို့အသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ် ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းအောက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့တာကြောင့် အာဆင်နယ်က ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစားနေမှုအား ရပ်တန့်ကာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် ဝါရင့် ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပြောင်းလဲ ခေါ်ယူဖို့ ကြိုးစားလာပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ယနေ့မနက် အစောပိုင်းမှာပဲ ဂျော်ဂျင်ဟိုအတွက် ချယ်လ်ဆီးဆီ စတင် ဆက်သွယ်လာခဲ့ပြီး ချယ်လ်ဆီးကလည်း ဂျော်ဂျင်ဟိုအတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်သာ ရမယ် ဆိုရင် ဂျော်ဂျင်ဟိုကို ရောင်းချဖို့ စဉ်းစားထားတာကြောင့် နှစ်သင်းကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း သိရပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ဂျော်ဂျင်ဟိုရဲ့ ခြေစွမ်းနဲ့ အရည်အသွေးကို ယခင်ကတည်းက သဘောကျနေသူ ဖြစ်ပြီး ချယ်လ်ဆီးကလည်း ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ရင် ဂျော်ဂျင်ဟိုကို ရောင်းချဖို့ စီစဉ်ထားကာ ချယ်လ်ဆီးဟာ ဂျော်ဂျင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိကြောင်း နာမည်ကြီး လန်ဒန်မြို့ အခြေစိုက် သတင်းထောက်တွေက အခိုင်အမာ ဖော်ပြထားကြပါတယ်။