ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမားတဦး ဖြစ်သူ ပြင်သစ်ကလပ် လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ ဟူဆန်အာဝါ အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး အသင်းထံ အနည်းဆုံး ကွင်းလယ်လူ နှစ်ဦး ၊ ဘယ်နောက်ခံလူ တဦး ၊ ဗဟိုနောက်ခံလူ တဦးတို့ကို ခေါ်ယူဖို့ လျာထားပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံနေရာ အတွက် ဘင်ဖီကာအသင်းရဲ့ လူငယ် နောက်ခံလူ တာဗာရက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရထားသလို အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ချာကာရဲ့ နေရာ အတွက် အန်ဒါလက်ချ်အသင်းရဲ့ ကွင်းလယ်လူ လိုကွန်ညာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

နောက်ထပ် လိုအပ်ချက်တခု ဖြစ်တဲ့ ဗဟိုနောက်ခံလူနေရာ အတွက် ဘရိုက်တန်အသင်းရဲ့ နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာကြောင့် အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်တိုက်စစ် အတွက်သာ ကစားသမား ခေါ်ယူဖို့ လိုအပ်ပြီး အဆိုပါနေရာ အတွက် အာဝါကို ခေါ်ယူဖို့ မျက်စိကျနေတာပဲ ဖြစ်ပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ကွင်းလယ်လူ ဟူဆန်အာဝါဟာ အာဆင်နယ်အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်ပြီး အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လိုင်ယွန်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပါ။

Photo Credit: Football London

လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းဟာ ဟူဆန်အာဝါကို ခေါ်ယူဖို့ နောက်ထပ်တကြိမ် ထပ်မံ ကြိုးစားလာတာ ဖြစ်ပြီး အာဝါကလည်း လိုင်ယွန်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကာ အာဆင်နယ်အသင်းဟာ အာဝါနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ မခက်ခဲကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Le10 Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အာဝါကို ခေါ်ယူနိုင်ဖို့ အတွက် လိုင်ယွန်အသင်းထံ တရားဝင် ဆက်သွယ်မှုတွေ ပြုလုပ်ထားသလို အာဝါအတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် လိုင်ယွန်အသင်း ကတော့ အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချဖို့ အသင့် ရှိနေကာ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေသေးတဲ့ အာဝါအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင် အလိုရှိနေပါတယ်။