ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က သူတို့ရဲ့ အားနည်းနေတဲ့ တောင်ပံတိုက်စစ် အတွက် ဘရိုက်တန်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ထရော့ဆက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးနောက် ဘုန်းမောက်ရဲ့ တောင်ပံကစားသမား အန်သိုနီကို ခေါ်ယူရန် ဆက်လက် ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အဆင့်၁နေရာကို သိမ်းပိုက်ထားနိုင်တဲ့ အာဆင်နယ်က ဆယ်စုနှစ် နှစ်စုနီးပါး ဝေးကွာခဲ့ရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ဖို့ နီးစပ်နေချိန်မှာ အသင်းရဲ့ ကစားသမား အင်အားကို အတတ်နိုင်ဆုံး ဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး သူတို့က ဘရိုက်တန်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ထရော့ဆက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီးပါပြီ။

Photo Credit: Express

အာဆင်နယ်က သူတို့ရဲ့ တောင်ပံတိုက်စစ်မှာ ဆာကာနဲ့ မာတီနယ်လီ နှစ်ဦးထဲကိုသာ ပိုင်ဆိုင်ထားတာကြောင့် သူတို့နှစ်ဦးသာ မတော်တဆ ဒဏ်ရာရသွားရင် သူတို့ရဲ့ နေရာတွေကို အစားဝင်ကာ ကစားနိုင်မယ့် တောင်ပံ ကစားသမားတွေကို လိုက်လံ ရှာဖွေ စုဆောင်းနေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဘုန်းမောက်နဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ အန်သိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်ရဲ့ တာဝန်ရှိသူ တချို့က အန်သိုနီရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားသလို အန်သိုနီကလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

Photo Credit: Express

အသက် ၂၃နှစ် အရွယ် အန်သိုနီက ဒီရာသီမှာ ဘုန်းမောက်အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၂ဂိုး သွင်းယူပေးထားပြီး ဘုန်းမောက်ကတော့ အန်သိုနီကို အသင်းရဲ့ အဓိက ကစားသမား တဦးလို့ သတ်မှတ်ထားတာကြောင့် စာချုပ်သစ် ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် အန်သိုနီက သူ့ရဲ့ ကစားသမား ဘဝ အတွက် ဘုန်းမောက်ရဲ့ ဒီရာသီ ရပ်တည်မှုကို တချက် စောင့်ကြည့်ပြီးမှ စာချုပ်သစ် ချုပ် ၊ မချုပ်ကို ဆုံးဖြတ်ဖို့ စဉ်းစားထားကာ အကယ်၍ ဘုန်းမောက်ကသာ တန်းဆင်းသွားရရင် အန်သိုနီဟာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း အန်သိုနီနဲ့ နီးစပ်သူတွေက ဆိုပါတယ်။