ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့် တိုက်စစ်မှူး လာကာဇက်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ် ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဟာ ၂၀၁၇ခုနှစ်မှာ ပြင်သစ် အင်အားကြီးကလပ် လိုင်ယွန်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၇၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆၈ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂၉ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Football London

လာကာဇက်ရဲ့ ဂိုးသွင်းနှုန်းဟာ ထိပ်တန်း တိုက်စစ်မှူး တဦး အတွက် လက်ခံလို့ ရတဲ့ အနေအထား တရပ်မှာ ရှိပေမယ့် အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ ကတော့ လာကာဇက်ရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုကို အားမရတာကြောင့် လာကာဇက်ကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ ကမ်းလှမ်းခြင်း မရှိတော့ပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါပေမယ့် လာကာဇက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားသလို သူ့ရဲ့ သွင်းဂိုးတွေဟာ အရေးပါတဲ့ သွင်းဂိုးတွေသာ ဖြစ်တာကြောင့် အာဆင်နယ်အသင်းဟာ လာကာဇက်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြန်လည် စဉ်းစားလာကာ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကလည်း သူတို့ဟာ လာကာဇက်ကို စာချုပ်သစ် ချုပ်နိုင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Football London

အာတီတာက – “ ကျွန်တော် ကတော့ လာကာဇက်ကို သူ လုပ်နေတဲ့ အရာတွေကို ဆက်ပြီး လုပ်စေချင်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်က အတော်လေး ကောင်းခဲ့ပါတယ်။ သူ့ရဲ့ ကစားပုံက ကျွန်တော်တို့ အတွက် အရမ်း အရေးပါတာကြောင့် သူ့လို ကစားသမားမျိုးကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ သူက ပဲလေ့စ်နဲ့ပွဲမှာ အသင်းအတွက် လိုအပ်တဲ့ အားအင်တွေကို ယူလာပေးပါတယ်။ သူ့ရဲ့ အနာဂတ်ကတော့ ဘာမဆို ဖြစ်လာနိုင်တယ်လို့ပဲ ပြောချင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။