အသင်းရဲ့ ညာနောက်ခံကစားသမားလေး ဟာကီမီကို ပီအက်စ်ဂျီအသင်းဆီ လက်လွတ်သွားရတော့မယ့် အင်တာမီလန်အသင်းဟာ ဟာကီမီရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် အာဆင်နယ်အသင်းရဲ့ စပိန်ညာနောက်ခံကစားသမား ဟက်တာဘယ်လာရင်ကို စိတ်ဝင်စားနေတယ်လို့ အီတလီအခြေစိုက် Sky Italia News ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sport

အီတလီစီးရီးအေရဲ့ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းဟာ ကိုဗစ်ဂယက်ကြောင့် အသင်းရဲ့ ဝင်ငွေတွေ ကျဆင်းနေရမှုကြောင့် ဒီနှစ်နွေစျေးကွက်အတွင်းမှပဲာ ထိပ်တန်းကစားသမားတွေကို ရောင်းချရဖို့ ရှိနေရပြီး လက်ရှိမှာလည်း အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်တဲ့ မော်ရိုကိုညာနောက်ခံလူ ဟာကီမီကို ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)နဲ့ ရောင်းချရတော့မှာဖြစ်ပါတယ်။ အသင်းအတွက် အားထားရတဲ့ ဟာကီမီလို ကစားသမားကောင်းတစ်ဦးကို ဆုံးရှုံးရတော့မယ့် အင်တာမီလန်အသင်းဟာ ဟာကီမီရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အာဆင်နယ်ရဲ့ ညာနောက်ခံလူ ဘယ်လာရင်ကို အလိုရှိလာခဲ့ပါတယ်။

Photo Credit : Sky Sport

အသက်(၂၆)နှစ်အရွှယ်ရှိ စပိန်နောက်ခံအစွန်လူ ဘယ်လာရင်ဟာ လတ်တလောမှာ အနာဂတ် မရေမရာ ဖြစ်လို့နေပြီး သူ့ကို အသက်လက်တီကိုမက်ဒရစ်အသင်းက အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ ထရစ်ပီယာရဲ့နေရာမှာ အစားထိုးသွားဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အခုတော့ အသက်လက်တီကိုအသင်းနဲ့အပြိုင် ဘယ်လာရင်ကို အင်တာဘက်ကနေပါ စိတ်ဝင်စားလာခဲ့ပြီး ဟာကီမီနဲ့သာ လမ်းခွဲရပြီဆိုရင် ဘယ်လာရင်ကို ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ဖွယ် ရှိနေပါတယ်။ အာဆင်နယ်အသင်းကတော့ သူတို့ကစားသမားကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)ဝန်းကျင်လောက်နဲ့ ရောင်းချသွားဖို့ ရှိနေပါတယ်။ ဒီတန်ကြေးနဲ့သာဆို အင်တာဘက်ကနေ ကမ်းလှမ်းဖွယ် ရှိနေပေမယ့် ဘယ်လာရင်ကို အသက်လက်တီကိုအသင်းကလည်း ပစ်မှတ်ထားနေတာဖြစ်လို့ အပြိုင်ကမ်းလှမ်းလာရနိုင်ပါတယ်။ ဒါကြောင့် စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းဟာ ဘယ်လာရင်အပြင် မနှစ်က ဘောလုံးရာသီမှာ ချယ်လ်ဆီးကနေ ဂျီနိုအာအသင်းဆီ အငှားနဲ့ လာရောက်ကစားနေတဲ့ အီတလီညာနောက်ခံလူ ဇာပါကော်စတာကိုလည်း အလိုရှိနေပါတယ်။ လက်ရှိ အင်တာမီလန်အသင်းမှာ ဒီအမ်ဘရိုစီယိုတစ်ဦးတည်းသာ ကျန်ရှိတော့မှာဖြစ်ပြီး ပါးမားကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဒါမီယန်မှာလည်း အသင်းကို အပြီးသတ် ပြောင်းလာနိုင်မလားဆိုတာ မသေချာနေသေးတာကြောင့် ညာနောက်ခံလူတစ်ဦးကို လိုအပ်နေရတာဖြစ်ပါတယ်။