ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် အူဘာမီယန်း အတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှုသာ ရရှိလာပါက ရောင်းချဖို့ အတွက် ဆုံးဖြတ်ထားကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၂နှစ် အရွယ် ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် အထိ ကျန်ရှိနေသူ ဖြစ်ပေမယ့် စာချုပ်သစ် ချုပ်ဆိုပြီးနောက်ပိုင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခြင်း မရှိတော့တာကြောင့် အသင်းကနေ အရောင်းစာရင်း တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Daily Cannon

အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးခဲ့ပေမယ့် သွင်းဂိုး ၁၅ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ကစားခွင့်ရတဲ့ အချိန်တွေမှာ ပုံမှန် ခြေစွမ်းအောက် ရောက်ရှိနေတာကြောင့် အာဆင်နယ်အသင်းက သူ့ကို ရောင်းထုတ်ဖို့ စဉ်းစားနေတာပါ။

လတ်တလောမှာတော့ အူဘာမီယန်းကို ခေါ်ယူဖို့ အတွက် စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းတို့က စောင့်ကြည့်နေပေမယ့် နှစ်သင်းစလုံးဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေကို ခေါ်ယူနိုင်ခြင်း မရှိမှသာ အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိပါတယ်။

Photo Credit: Daily Cannon

Football London သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း ဝန်းကျင် ရရှိရုံနဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး အကယ်၍ တရာသီအငှား + ရာသီကုန်မှာ မဖြစ်မနေ ခေါ်ယူပါ့မယ် ဆိုတဲ့ ကမ်းလှမ်းချက်မျိုး ရောက်လာရင်လည်း ရောင်းချဖို့ စဉ်းစားနိုင်ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ အူဘာမီယန်းအပြင် အသင်းရဲ့ အခြား စီနီယာ ကစားသမားတွေ ဖြစ်တဲ့ ဘယ်လာရင် ၊ ကိုလာစီနက်နဲ့ လာကာဇက်တို့ကိုလည်း ရောင်းချဖို့ အတွက် ပြင်ဆင်နေပါတယ်။