လက်ရှိမှာ ဥရောပရဲ့ အပြောင်းအရွှေ့စျေးကွက်က ပိတ်သိမ်းထားပြီဖြစ်ပေမယ့်လည်း တချို့ ဥရောပနိုင်ငံတွေမှာတော့ စျေးကွက်က ဖွင့်လှစ်နေဆဲဖြစ်ပြီး တူရကီရဲ့ နွေစျေးကွက်ဆိုရင် စက်တင်ဘာ(၈)ရက်နေ့မှသာ အပြောင်းအရွှေ့ ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တူရကီ ကလပ်အသင်းတွေက စျေးကွက်မပိတ်သိမ်းချိန်ထိ ကစားသမားသစ် ခေါ်ယူမှုတွေကို လုပ်ဆောင်နေကြသလို တူရကီ နာမည်ကျော်ကလပ် ဘက်ရှီးတက်စ်အသင်းဟာလည်း အာဆင်နယ် ကွင်းလယ်လူ မိုဟာမက်အယ်လ်နီနီကို ခေါ်ယူဖို့ ကြိုးစားခဲ့ရာ ကစားသမားရဲ့ လုပ်ခလစာကြောင့် အပြောင်းအရွှေ့က အထမမြောက်ခဲ့ပဲ ပျက်ပြယ်သွားခဲ့ရပါတယ်။

Photo Credit : The Mirror

ဘက်ရှီးတက်စ်အသင်းဟာ နွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုများစွာကို လုပ်ဆောင်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ ဘော့စနီးယား ကွင်းလယ်ကစားသမား ပီယာနစ်ကိုလည်း အငှားနဲ့ ခေါ်ယူထားသလို ချယ်လ်ဆီအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ဘတ်ရှုအာယီကိုပါ တစ်ရာသီအငှားနဲ့ ခေါ်ယူထားပါတယ်။ ဒီလို ခေါ်ယူမှုတွေ လုပ်ဆောင်ထားတဲ့အပြင် စျေးကွက်မပိတ်ခင်မှာ အာဆင်နယ်အသင်းရဲ့ အီဂျစ်ကွင်းလယ်လူ အယ်လ်နီနီကိုပါ အငှားနဲ့ ခေါ်ယူသွားဖို့ ကြိုးစားခဲ့ရာ အသင်း(၂)သင်းကြား သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ကစားသမားရဲ့လစာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။

Photo Credit : The Mirror

၂၀၁၆ခုနှစ်ကမှ ဆွတ်ဇာလန်ကလပ် ဘေဆယ်ကနေ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ အယ်လ်နီနီဟာ ၂၀၁၉ခုနှစ်မှာ ဘက်ရှီးတက်စ်အသင်းကို ပထမဆုံးအကြိမ်အဖြစ် အငှားနဲ့ သွားရောက်ကစားခဲ့ပြီး တူရကီဘောလုံးလောကမှာ တစ်ရာသီခန့် ကျင်လည်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဘက်ရှီးတက်စ်အသင်းကနေ နောက်ထပ် တစ်ရာသီ ထပ်မံငှားရမ်းချင်တာ ဖြစ်ပေမယ့်လည်း ကစားသမားရဲ့ လစာကို ပေးချေသွားဖို့ အခက်အခဲ ဖြစ်နေရတာကြောင့် နောက်ဆုံးမှာတော့ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။ အယ်လ်နီနီကို ဘက်ရှီးတက်စ် တစ်သင်းတည်းကသာ ခေါ်ယူချင်ခဲ့တာမဟုတ်ပဲ နောက်ထပ် တူရကီ နာမည်ကြီးကလပ် ဂါလာတာစာရေးအသင်းကပါ ခေါ်ယူဖို့ ချဉ်းကပ်ခဲ့သေးတယ်လို့ သိရပါတယ်။ အယ်လ်နီနီဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့ပြီး လာမယ့်နွေမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ် ရှိနေပါတယ်။