ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်ထားခြင်းခံခဲ့ရတဲ့ လိုင်ယွန်ကွင်းလယ်ကစားသမား ဟူစိန်အာဝါဟာ စျေးကွက်အတွင်းမှာ အသင်းပြောင်းရွှေ့ခဲ့ခြင်းမရှိပဲ အသင်းမှာသာ ဆက်လက်ရှိနေခဲ့ရပေမယ့် အသင်းနဲ့ ကစားသမားရဲ့ကြားမှာ ဆက်ဆံရေးပိုင်းက အနည်းငယ်အေးစက်လျက်ရှိနေတာကြောင့် အာဝါကို စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဘက်ကနေ ချဉ်းကပ်မှုတွေ စတင်လုပ်ဆောင်နေပြီး ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေတယ်လို့ အီတလီသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Ligue 1

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား အာဝါဟာ လိုင်ယွန်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကနေစတင်ကာ လိုင်ယွန်စီနီယာကစားသမားဘဝကို စတင်ခဲ့ရသူဖြစ်ပါတယ်။ အာဝါဟာ ကွင်းလယ်နေရာစုံမှာ ဆော့ကစားတတ်သူဖြစ်ပြီး နည်းစနစ်ပိုင်း ကြွယ်ဝသူလည်းဖြစ်သလို ခြေထောက်ထဲကို ဘောလုံးရောက်လာပြီဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်တတ်တဲ့ တိုက်စစ်အားသန် ကွင်းလယ်လူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : Goal

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကွင်းလယ်လူအာဝါကို အာဆင်နယ်အသင်းနည်းပြ မီခဲလ်အာတီတာက သူရဲ့အသင်းအတွက် အမှန်တကယ်ကို အလိုရှိခဲ့တာဖြစ်ပေမယ့် ခေါ်ယူဖို့ ခက်ခဲလွန်းနေခဲ့တာကြောင့် နောက်ဆုံးမှာတော့ သောမတ်စ်ပါတေးကိုပဲ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ခေါ်ယူလိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က အာဝါကို ဆက်လက်ပစ်မှတ်ထားနေဆဲဖြစ်ပြီး အိုဇေးရဲ့နေရာမှာ အစားထိုးချင်နေပေမယ့်လည်း အခုဆောင်းစျေးကွက်မှာ လိုင်ယွန်အသင်းက အာဝါကို ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် ရီးရဲလ်ကွင်းလယ်လူ အိုဒီဂတ်ကိုသာ အငှားနဲ့ခေါ်ယူခဲ့ရကာ အာဝါကိုတော့ လာမယ့်နွေစျေးကွက်မှာပဲ ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် အာဝါကို လက်ရှိအချိန်မှာ ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူဖို့အတွက် စတင်လုပ်ဆောင်လာခဲ့ပြီး ကစားသမားနဲ့ ဆွေးနွေးမှုတွေကိုပါ လုပ်ဆောင်လာခဲ့ပြီလို့ Sky Italia ကနေ ဖော်ပြလာခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာလည်း အာဆင်နယ်လိုပဲ အာဝါကို ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းက အလိုရှိနေခဲ့တာဖြစ်ပြီး အခုတကြိမ်မှာလည်း အာဝါကို အသင်းဆီ အရခေါ်ဆောင်နိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းလာခဲ့တာဖြစ်ကာ သဘောတူညီမှု ရယူနိုင်ဖို့လည်း နီးစပ်နေတယ်လို့ သိရပါတယ်။