အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းကို အသင်းကနေ ရောင်းထုတ်ရဖွယ်ရှိနေပြီး ဒီလိုမှမဟုတ်ရင်တော့ လာမယ့် ၂၀၂၁ခုနှစ်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖွယ်ရှိနေပါတယ်။ အူဘာမီယန်းကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ပဲ အသင်းကနေသာ ထွက်ခွာချင်နေတာကြောင့် အာဆင်နယ်ဘက်ကနေ အူဘာမီယန်းရဲ့နေရာအတွက် တိုက်စစ်ကစားသမားတစ်ယောက် လိုက်လံရှာဖွေလို့နေပြီး အာဆင်နယ်ရဲ့ ပစ်မှတ်ထဲမှာ လူကာဂျိုဗစ်လည်း အပါအဝင်ဖြစ်လို့နေပါတယ်။

Photo Credit : Getty Image

အသက်(၂၂)နှစ်အရွှယ်ရှိ ဆာဘီးယားတိုက်စစ်ကစားသမား လူကာဂျိုဗစ်ဟာ ဒီနှစ်ရာသီမှ ဖရန့်ဖတ်အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ယူရိုသန်း(၆၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဖရန့်ဖတ်မှာ ခြေစွမ်းအထူးပြသနိုင်ခဲ့သလောက် ရီးရဲလ်မှာတော့ အံ့ဝင်ခွင်ကျဖြစ်အောင် မကစားနိုင်သေးပဲ ဒီတစ်ရာသီလုံးမှာတောင် အသင်းအတွက် သွင်းဂိုး(၂)ဂိုးပဲ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ရီးရဲလ်အသင်းက လာမယ့်ရာသီမှာ ဂျိုဗစ်ကို အသင်းကနေ ပြန်လည်ရောင်းထုတ်ချင်နေကာ အာဆင်နယ် ချယ်လ်ဆီး စပါးအသင်းတို့ကပါ ဂျိုဗစ်ကို စိတ်ဝင်တစားရှိနေကြပါတယ်။

Photo Credit : Getty Image

တကယ်တော့ ဂျိုဗစ်ကို ရီးရဲလ်အသင်းကနေ မခေါ်ယူခင် ချယ်လ်ဆီးအသင်းကနေ ခေါ်ယူဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့်လည်း Transfer Ban နဲ့ ရင်ဆိုင်လိုက်ရလို့ မခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာလည်း အာဆင်နယ် စပါးတို့လို လန်ဒန်ဒါဘီအသင်းတွေနဲ့ အပြိုင်ကမ်းလှမ်းရမှာဖြစ်လို့ ခက်ခဲဖွယ်ရှိနေပါတယ်။ အာဆင်နယ်ကလည်း အူဘာမီယန်းကို လက်လွတ်ရမယ့်အရေးကြောင့် သူရဲ့နေရာအတွက် ဂျိုဗစ်နဲ့ အစားထိုးဖို့ကို ပစ်မှတ်ထားလို့နေပြီး ရီးရဲလ်မက်ဒရစ်အသင်းဘက်ကနေလည်း အူဘာမီယန်းကို အသင်းရဲ့တိုက်စစ်မှာ ခေါ်ယူအားဖြည့်ချင်နေတာကြောင့် ကစားသမား(၂)ယောက်ရဲ့ အပြောင်းအရွှေ့က အလဲအထပ်ပုံစံနဲ့ ဖြစ်ပေါ်လာနိုင်ပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းရဲ့တိုက်စစ်နေရာအတွက် ဂျိုဗစ်အပြင် လိုင်ယွန်တိုက်စစ်ကစားသမား ဒမ်ဘီလီကိုလည်း ပစ်မှတ်ထားလျက်ရှိနေပါတယ်။