လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားဖွယ် ရှိနေရတဲ့ အာဆင်နယ်အသင်းက နွေစျေးကွက်ထဲ ကစားသမား အားဖြည့်တင်းမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်သွားဖွယ် ရှိနေရာ အသင်းရဲ့ လူစာရင်းကို တောင့်တင်းလာစေဖို့အတွက် ထိပ်တန်းကစားသမားတချို့ကို ခေါ်ယူသွားဖို့ပါ ပြင်ဆင်နေလျက် ရှိနေပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ မန်စီးတီး တောင်ပံကစားသမား ရာဟင်စတာလင်ကို ခေါ်ယူသွားဖို့အတွက် ခေါ်ယူနိုင်ခြေရှိမယ့် အခြေအနေတွေကို လေ့လာဖို့ပါ ပြင်ဆင်နေပြီလို့ သိရပါတယ်။

Raheem Sterling joins the 100 club and is getting back to his brilliant  best at Manchester City | Sporting News

Photo Credit : Sporting News

အာဆင်နယ်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လာကာဇက်နဲ့ အန်ခယ်တီယာတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖွယ် ရှိနေရပြီး ဆောင်းစျေးကွက်ထဲမှာလည်း အူဘာမီယန်းကိုပါ ဆုံးရှုံးထားရတဲ့အတွက် နွေစျေးကွက် ပြန်ဖွင့်ချိန်မှာ အနည်းဆုံး တိုက်စစ်ကစားသမား (၂)ဦးခန့် ပြန်လည်အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ ဒီလို တိုက်စစ်ပိုင်းအတွက် အားဖြည့်ချင်နေတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း မန်စီးတီးရဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကို ပစ်မှတ်ထားလာခဲ့သလို အခုလည်း စတာလင်ကိုပါ ခေါ်ယူသွားဖို့ ဆန္ဒရှိလာခဲ့ပြီး ခေါ်ယူနိုင်ခြေ ရှိမရှိဆိုတာကို အသေးစိတ် သိရှိရဖို့ လေ့လာနေပြီ ဖြစ်ပါတယ်။

Raheem Sterling: Manchester City forward 'open' to transfer in search of  regular playing time | The Independent

Photo Credit : The Independent

အသက်(၂၇)နှစ်အရွှ့ယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား စတာလင်ဟာ လာမယ့် ၂၀၂၃ခုနှစ်မှာပဲ သူရဲ့ကလပ် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး သူရဲ့စာချုပ်ကို သက်တမ်းတိုးဖို့ စီစဉ်နေပေမယ့် လက်ရှိမှာ မန်စီးတီးဘက်က ပရီးမီးယားလိဂ် ချန်ပီယံဆုကိုသာ အာရုံစိုက်နေရတာဖြစ်လို့ ဒီရာသီအကုန်မှသာ စတာလင်ရဲ့ စာချုပ်ကိစ္စကို ပြန်လည်ဆွေးနွေးဖွယ် ရှိနေရပါတယ်။ မန်စီးတီးအသင်းဟာလည်း လာမယ့်နွေမှာ တိုက်စစ်ပိုင်းအတွက် အာလင်းဟာလန်းကို ခေါ်ယူနိုင်သွားတော့မှာ ဖြစ်သလို အာဂျင်တီးနား တိုက်စစ်မှူးလေး အဲဗာရက်ဇ်ဟာလည်း ရေးဗားပလိတ်ကနေ ရောက်ရှိလာတော့မှာဖြစ်လို့ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားအင်အား ဖောင်းပွမှုတွေ ရှိလာနိုင်တဲ့အတွက် တိုက်စစ်ကစားသမား တစ်ဦးဦးကို ပြန်လည်ရောင်းချလာနိုင်ပြီး တကယ်လို့ စတာလင်ကိုသာ သက်တမ်းမတိုးဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်လည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရအောင် လာမယ့်စျေးကွက်ထဲမှာပဲ ရောင်းထုတ်သွားရတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ လက်ရှိ အာဆင်နယ်နည်းပြ အာတီတာကလည်း စတာလင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေသူဖြစ်လို့ အသင်းကို အရခေါ်ယူသွားချင်နေတယ်လို့ The Telegraph ကနေ ဖော်ပြထားခဲ့ပါတယ်။