ဂျုဗင်တပ်စ်အသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်းက အင်အားပြည့်နေဖို့အတွက် အာဆင်နယ်အသင်းရဲ့ပြင်သစ်တိုက်စစ်ကစားသမား အလက်ဆန်းဒါးလာကာဇက်ကို ခေါ်ယူဖြည့်တင်းသွားချင်နေပေမယ့် အပြောင်းအရွှေ့အသုံးစရိတ်ပေါင်းကို ချွေတာချင်နေတဲ့အတွက် အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကစားသမားတွေထဲကမှ ဟီဂွာအင် ဒေါက်ဂလပ်ကော်စတာနဲ့ ခရစ္စတီယန်ရိုမဲရိုးထဲက ကစားသမားတစ်ယောက် အလိုက်ပေးပြီး ကမ်းလှမ်းမှုတစ်ခုကို လုပ်ဆောင်ချင်နေပါတယ်။

The Athletic သတင်းမီဒီယာရဲ့ဖော်ပြချက်တွေအရ ဂျုဗင်တပ်စ်နည်းပြသစ် ပီယာလိုက အားနည်းနေသလို ဖြစ်နေရတဲ့ အသင်းရဲ့တိုက်စစ်ပိုင်း အထူးသဖြင့် အထောင်တိုက်စစ်နေရာအတွက် လာကာဇက်ကို အလိုရှိနေတာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် လစာများပြားနေတဲ့ ကစားသမားတွေကို နွေစျေးကွက်မှာ ရောင်းချရဖို့ ရှိနေတဲ့အတွက် အနာဂတ်မရေမရာ ဖြစ်လာခဲ့တဲ့ လာကာဇက်ကို ဂျုဗင်တပ်စ်ဘက်ကနေ ပိုမိုချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ လာကာဇက်ကို ဂျုဗင်တပ်စ်နဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားလို့နေပါတယ်။

လက်ရှိမှာကလည်း ကိုဗစ်ဂယက်ကြောင့် ဘောလုံးအသင်းတိုင်းက စီးပွားရေးထိခိုက်နေရတဲ့အတွက် အသုံးစရိတ်တွေကို တတ်နိုင်သလောက် လျှော့ချနေခဲ့ရတာကြောင့် လာကာဇက်ကို ခေါ်ယူချင်နေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ပြောင်းရွှေ့ကြေး တပုံတပင်နဲ့ ပေးချေသွားရတာထက် အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတဲ့ တိုက်စစ်ကစားသမား ဂွန်ဇာလိုဟီဂွာအင် ဘရာဇီးတောင်ပံကစားသမားဒေါက်ဂလပ်ကော်စတာ အာဂျင်တီးနား နောက်ခံကစားသမား ခရစ္စတီယန်ရိုမဲရိုးတို့ကို အလိုက်ပေးပြီ ပြောင်းအရွှေ့အနည်းငယ် ကမ်းလှမ်းမှု ပြုလုပ်သွားချင်နေတာဖြစ်ပါတယ်။ တိုက်စစ်မှူးလာကာဇက်မှာလည်း သူရဲ့အာဆင်နယ်အသင်းအနေနဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ပီယာအန်းမရိခ်အူဘာမီယန်းကို အဓိကထားတဲ့ပုံစံနဲ့ ကစားဟန်တည်ဆောက်ထားခြင်းအပေါ်မှာ မနှစ်သက်နေရတဲ့အတွက် အသင်းကနေ ထွက်ခွာသွားချင်နေပြီး ဂျုဗင်တပ်စ်နဲ့ အသက်လက်တီကို (၂)သင်းထဲက တစ်သင်းကို ရွေးချယ်ရဖွယ် ရှိနေပါတယ်။ အာဆင်နယ်ကတော့ လာကာဇက်နေရာမှာ ကစားသမားသစ် ပြန်လည်ခေါ်ယူမှာမဟုတ်ပဲ အသင်းက လူငယ်ကြယ်ပွင့်တွေကိုပဲ နေရာပေးဖွယ် ရှိနေပါတယ်။