အပြောင်းအရွှေ့ ဈေးကွက်တိုင်းလိုလို ငွေကြေးကို စိစစ်သေချာစွာ သုံးစွဲလေ့ရှိတဲ့ အသင်းအဖြစ် နာမည်ကြီးတဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ ယခုနှစ် နွေဈေးကွက်မှာတော့ ဥရောပရဲ့ ငွေအသုံးဆုံးအသင်း အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့နောက် အာဆင်နယ်အသင်းဟာ အသင်းကို အလုံးစုံ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေပြီး လက်ရှိမှာ ကစားသမားသစ် ၃ဦး အထိ ဝယ်ယူထားသလို နောက်ထပ် ကစားသမား ၂ဦးကိုလည်း ထပ်မံ ခေါ်ယူဖို့ သဘောတူညီမှု ရထားပါတယ်။

Photo Credit: Football London

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အင်္ဂလန် နောက်ခံလူ ဘန်ဝှိုက်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ၊ ပေါ်တူဂီ ဘယ်နောက်ခံလူ တာဗာရက်ကို ပေါင် ၇.၂သန်း ၊ ဘယ်လ်ဂျီယံ ကွင်းလယ်လူ လိုကွန်ညာကို ပေါင် ၁၅.၇၅သန်းတို့ ပေးချေကာ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

အဲ့ဒါအပြင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နော်ဝေကွင်းလယ်လူ အိုဒီဂတ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူထားသလို ရှက်ဖီးလ် ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ရမ်စဒယ်ကိုလည်း ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၄သန်း + အပိုဆုကြေး ပေါင် ၆သန်းနဲ့ ခေါ်ယူနိုင်တော့မှာပါ။

Photo Credit: Football London

ဒါကြောင့် အိုဒီဂတ်နဲ့ ရမ်စဒယ်တို့ကို ခေါ်ယူနိုင်ကြောင်း တရားဝင် ကြေညာပြီးပါက အာဆင်နယ်အသင်းရဲ့ နွေရာသီ အသုံးစရိတ်ဟာ ပေါင် ၁၂၉သန်း အထိ ရှိလာမှာ ဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ အများဆုံး ပမာဏ ဖြစ်သလို ဥရောပတိုက်မှာလည်း အများဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် ခေါ်ယူဖို့ လှုပ်ရှားမှုတွေဟာ ရပ်တန့်ခြင်း မရှိသေးပဲ အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ အာဝါကို ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းနဲ့ ခေါ်ယူဖို့ ထပ်မံ ကြိုးစားနေကြောင်း Football London သတင်းဌာနက ဖော်ပြထားပါသေးတယ်။