စတင်ကျင်းပလို့နေပြီဖြစ်တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲကြီးမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားခဲ့တဲ့ ဘရိုက်တန်အသင်းရဲ့ ဗဟိုနောက်ခံကစားသမားလေး ဘင်ဝှိုက်ကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ အာဆင်နယ်အသင်းလည်း ပါဝင်လာခဲ့သလို ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အရခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေတယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sport

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား ဘင်ဝှိုက်ဟာ လိဒ်စ်ယူနိုက်တက်အသင်းမှာ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့စဉ်ကတည်းက သူရဲ့ခံစစ်စွမ်းဆောင်ရည်ကောင်းတွေကြောင့် အသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ရယူနိုင်ခဲ့သူဖြစ်သလို အခုလည်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ပါ ယူရိုပြိုင်ပွဲကိုပါ ဝင်ရောက်ဆင်နွဲနေရတဲ့ သူ့ကို အသင်းပေါင်းများစွာက အလိုရှိလာခဲ့ပါတယ်။ ဒီအသင်းတွေထဲကမှ အာဆင်နယ်အသင်းက ဘင်ဝှိုက်ကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်ပါ သတ်မှတ်လို့ထားပြီး ပြောင်းရွှေ့ကြေးများစွာနဲ့လည်း ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : The Atheltic

အာဆင်နယ်အသင်းဟာ ခံစစ်စွမ်းရည်ကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ ဘင်ဝှိုက်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀)နဲ့ (၅၀)ဝန်းကျင်လောက်အထိကိုပါ အသုံးပြုသွားဖို့ စီစဉ်လို့ထားပြီး ကစားသမားနဲ့လည်း Personal Agreed ရယူနိုင်ဖို့ကိုလည်း ကြိုးပမ်းလုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဘင်ဝှိုက်ကို စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲမှာ အာဆင်နယ်ထက် ငွေကြေးတောင့်တင်းတဲ့ အသင်းတွေ ပါဝင်လို့နေတာကြောင့် အပြိုင်အဆိုင် ကမ်းလှမ်းလာရမယ်ဆိုရင်တော့ အာဆင်နယ်အတွက် ခက်ခဲနိုင်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနွေမှာ အသင်းရဲ့ ဝါရင့်နောက်ခံကစားသမား ဒေးဗစ်လူးဝစ်ဇ်နဲ့ လမ်းခွဲသွားတော့မှာဖြစ်သလို အသင်းကနေ (၂)ရာသီနီးပါးလောက်အထိ အငှားချထားခံရတဲ့ လူငယ်ခံစစ်ကစားသမားလေး ဝီလီယံဆလီဘာရဲ့ အနာဂတ်အခြေအနေဟာလည်း လှုပ်ခတ်နေရတာကြောင့် အသင်းရဲ့ ခံစစ်ပိုင်းအတွက် ဘင်ဝှိုက်လို ကစားသမားမျိုးကို ပြန်လည်အလိုရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ လတ်တလောမှာလည်း ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ရူဘင်နေးဗက်စ်ကို ခေါ်ယူချင်နေပြီး ရိုးမားကို ရောက်ရှိတော့မယ့် ဆွတ်ဇာလန်ကွင်းလယ်လူ ချာကာရဲ့နေရာမှာ အစားထိုးသွားချင်နေပါတယ်။