ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာကို ရောင်းထုတ်ပြီးပါက ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စီစဉ်နေရာမှာ ပေါ်တူဂီအသင်းနဲ့ အတူ ယူရို၂၀၂၀ပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ လိုင်လီ ကွင်းလယ်လူ ရီနာတို ဆန်းချက်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ချာကာဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်း ကနေ နာမည်ကြီး ပေါ်တူဂီနည်းပြ မော်ရင်ဟို ရှိတဲ့ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာသလို လက်ရှိမှာ ချာကာရဲ့ အပြောင်းအရွှေ့ အတွက် ရိုးမားအသင်းနဲ့ အာဆင်နယ်အသင်းကြားမှာ တရားဝင် ဆွေးနွေးမှုတွေ ရှိနေပြီး မကြာခင်မှာ အပြောင်းအရွှေ့ဟာ အပြီးသတ်ဖွယ် ရှိနေပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ချာကာကို ရောင်းထုတ်ပြီးပါက သူ့အစား ပြန်လည် ခေါ်ယူမယ့် ကွင်းလယ်လူကို စတင် ရှာဖွေနေကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုင်လီအသင်းနဲ့ ခြေစွမ်းပြနိုင်ခဲ့သလို ယူရို၂၀၂၀ပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြနေတဲ့ ရီနာတို ဆန်းချက်ဟာ အာဆင်နယ်အသင်းရဲ့ ထိပ်သီး ပစ်မှတ် ကစားသမား ဖြစ်လာပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ်လူ ရီနာတို ဆန်းချက်ဟာ ကြံ့ခိုင်မှု ကောင်းသလို ၊ သူ့ရဲ့ ဘောလုံးပေးပို့မှု ၊ အဝေးကန်ချက်တွေနဲ့ တဖက်အသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှုတို့ဟာ အာဆင်နယ် အသင်းရဲ့ နည်းပြ အာတီတာကို မျက်စိကျစေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ အာဆင်နယ်အသင်း အပြင် အခြား ထိပ်သီးအသင်း တချို့ကပါ စိတ်ဝင်စားနေပါတယ်။

Photo Credit: Metro

ရီနာတို ဆန်းချက်ဟာ တချိန်က ဥရောပရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ ပင်ကိုယ် ခြေစွမ်းပိုင်းဟာ သံသယဝင်စရာ မလိုပဲ လိုင်လီအသင်းကတော့ သူတို့အသင်းနဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသေးတဲ့ ရီနာတို ဆန်းချက်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်နေပါတယ်။

ဒါပေမယ့် ရီနာတို ဆန်းချက်ကတော့ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာသာ သင့်တော်တဲ့ ကမ်းလှမ်းမှု တခု ရခဲ့ရင် အသင်းပြောင်းဖို့ စဉ်းစားဖွယ် ရှိပြီး လက်ရှိမှာ အာဆင်နယ်အသင်းဟာ ရီနာတို ဆန်းချက်ရဲ့ အေးဂျင့်ထံကို ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေပါတယ်။ အာဆင်နယ်အသင်းဟာ ရီနာတို ဆန်းချက်ကို ခေါ်ယူချင်ရင် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိနေပါတယ်။