အာဆင်နယ်အသင်း အလိုရှိနေတဲ့ ရှက်တာဒိုးနက်အသင်းရဲ့ ယူကရိန်းကြယ်ပွင့် တောင်ပံကစားသမာလေး မူဒရစ်က တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးထဲ ပါဝင်ဆင်နွဲခွင့် ရရှိဖို့က သူရဲ့စိတ်ကူးအိမ်မက်တစ်ခုလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး သူ့ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်းကိုလည်း အသင်းကောင်း တစ်သင်းလို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

အသက်(၂၁)နှစ်အရွယ်ရှိ ယူကရိန်းလက်ရွေးစင် တောင်ပံကစားသမား မူဒရစ်ဟာ ၂၀၁၆ခုနှစ်ကတည်းက ယူကရိန်းထိပ်သီးကလပ် ရှက်တာဒိုးနက် လူငယ်အသင်းကို ရောက်ရှိနေခဲ့တာဖြစ်ပြီး နှစ်နှစ်အကြာမှာပဲ ရှက်တာ စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။ အသက်ငယ်လွန်းသေးသူဖြစ်လို့ မူဒရစ်က ရှက်တာမှာ ပွဲကစားခွင့်တွေ များများစားစား မရရှိထားသေးပေမယ့် ပြေးအား အလိမ်အခေါက်အားကောင်းသူ ဖြစ်သလို ဘယ်တောင်ပံအခြမ်းမှာ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားဖြစ်လို့ သူ့ကို အာဆင်နယ် အပါအဝင် ဥရောပကလပ်အသင်းတွေက စိတ်ဝင်စားနေရတာ ဖြစ်ပါတယ်။

Champions League winners and losers: Mbappe and Haaland star in a bad week  for German managers | Goal.com Singapore

Photo Credit : Goal

၂၀၂၂ခုနှစ်ကတော့ မူဒရစ်အတွက် အကောင်းဆုံးနှစ်တစ်ခု ဖြစ်နေပြီး ယူကရိန်းလက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရသလို သူ့ကို အာဆင်နယ်အသင်းက ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေပါ လုပ်ဆောင်ခဲ့သေးပါတယ်။ ဒါ့အပြင် မူဒရစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဂိုး(၂)ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ကစားသမားဘဝအတွင်း ပထမဦးဆုံး ချန်ပီယံလိဂ်သွင်းဂိုးကိုပါ စတင် သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒီလို စွမ်းဆောင်ရည်တွေ ပြသထားနိုင်တဲ့ မူဒရစ်က “ကျွန်တော်ရဲ့ အိမ်မက်က ပရီးမီးယားလိဂ်ပြိုင်ပွဲထဲ ပါဝင်ကစားရဖို့ဆိုတာ သေချာပါတယ်။ အာဆင်နယ်ကလည်း တကယ့်ကို အသင်းကောင်း တစ်သင်းပါ။ အရမ်းကောင်းမွန်တဲ့ နည်းပြလည်း ရှိနေပါတယ်။ ကျွန်တော်ဘက်ကဆိုရင်တော့ အာဆင်နယ်အသင်းအကြောင်းကို ဒီထက် ပိုပြီးတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် အပြောင်းအရွှေ့တစ်ခုဆိုတာက ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းအပေါ်မှာသာ မူတည်နေတာ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရှက်တာအသင်းအတွက် (၁၉)ပွဲအတွင်း ဂိုးဖန်တီးမှု (၉)ကြိမ်ထိ လုပ်ဆောင်ထားပြီး လက်ရှိ ချန်ပီယံလိဂ်မှာ တောက်ပနေတဲ့ မူဒရစ်ကို အာဆင်နယ်နဲ့ အဲဗာတန်အသင်းတွေက ပစ်မှတ်ထားခဲ့တာ ဖြစ်သလို ပေပေကို နိုက်စ်အသင်းဆီ အငှားချခဲ့တဲ့ အာဆင်နယ်ဟာလည်း မူဒရစ်ကို အခု နွေဈေးကွက်မှာ မခေါ်ယူနိုင်ရင်တောင် ဆောင်းဈေးကွက်မှာ ခေါ်ယူသွားဖို့ပါ စီစဉ်နေတာ ဖြစ်ပါတယ်။