အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး အလက်ဆန်းဒါး အီဆက်ခ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် ဒီကစားသမား တန်ကြေးက မြင့်မားလွန်းနေတာကြောင့် ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အကီတီကီကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
အထောင်တိုက်စစ်ကစားသမားတစ်ဦးကို မဖြစ်မနေ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး အီဆက်ခ်ကို အတော်လေး စိတ်ဝင်စားခဲ့တာ ဖြစ်ပေမယ့် နယူးကာဆယ်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစာသမားကို အသင်းကနေ ရောင်းချဖို့ ဆန္ဒမရှိသလို လက်လွတ်ရမယ်ဆိုရင်လည်း ပေါင်သန်း(၁၅၀)လောက်အထိပါ တောင်းဆိုလာနိုင်ပါတယ်။
Photo Credit : Newcastle United
ဒီတန်ကြေးပမာဏနဲ့ဆိုရင် အာဆင်နယ်က နွေဈေးကွက်မှာ အီဆက်ခ်တစ်ဦးတည်းကိုသာ ခေါ်နိုင်တော့မှာဖြစ်လို့ အီဆက်ခ်အစား တခြားသော တိုက်စစ် options တွေကိုပဲ စဉ်းစားလာခဲ့ပြီး ဒီထဲမှာ ဖရန့်ဖတ်က ပြင်သစ် တိုက်စစ်ကစားသမားလေး အကီတီကီလည်း ပါဝင်လာခဲ့ပါတယ်။
အသက်(၂၂)နှစ်အရွယ် ပီအက်စ်ဂျီ ကစားသမားဟောင်း အကီတီကီဟာ ပီအက်စ်ဂျီကနေ ဖရန့်ဖတ်ဆီ ကာလတို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ရာကနေ အပြီးသတ်ထိပါ ပြောင်းလာခဲ့တာဖြစ်ပြီး ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ (၁၉)ဂိုးသွင်း (၈)ဂိုးဖန်တီးထားသလို ဘွန်ဒက်စ်လီဂါမှာလည်း (၁၃)ဂိုးအထိ သွင်းယူကာ (၄)ဂိုးဖန်တီးထားပါတယ်။
Photo Credit : Transfermarket
ဒီလို စွမ်းဆောင်ရည်တွေကြောင့်ပဲ အကီတီကီကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာကြပြီး ဒီအသင်းတွေထဲမှာ ယူနိုက်တက် ဝက်စ်ဟမ်းနဲ့ အခု အာဆင်နယ်အသင်းပါ ပါဝင်လာခဲ့ပါတယ်။ ဖရန့်ဖတ်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၆၀)လောက်အထိ အလိုရှိနေပါတယ်။
အကီတီကီကိုယ်တိုင်ကလည်း သူကစားသမားဘဝကို နောက်တစ်ဆင့် မြှင့်တင်နိုင်ဖို့အတွက် သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့သွားဖို့ ရှိနိုင်ပြီး ဖရန့်ဖတ်ကနေ စွန့်ခွာသွားဖို့လည်း စဉ်းစားနေပြီပဲ ဖြစ်ပါတယ်။