MySport Myanmar

အာဆင်နယ်ပစ်မှတ် အက်ဇေးရဲ့ စာချုပ်လျော်ကြေးက သက်တမ်းကုန်ဆုံး

အာဆင်နယ်အသင်း အဓိက ပစ်မှတ်ထားနေတဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား အီဘယ်ရီချီ အက်ဇေးအတွက် အသင်းဘက်ကနေ သတ်မှတ်ထားတဲ့ ပေါင်(၆၈)သန်းတန် စာချုပ်ဖျက်သိမ်းကြေးဟာ ဒီကနေမှာပဲ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အသက်(၂၇)နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင် အက်ဇေးဟာ ပဲလေ့စ်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီးနောက် ကလပ်အသင်းကြီးတွေ မျက်စိကျနေတဲ့ တန်ဖိုးကြီးကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ သူ့ရဲ့ ခြေစွမ်းအကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီး အသင်းသစ်တစ်ခုမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုစိတ် ရှိနေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

Photo Credit : The Sporting News

ပဲလေ့စ်အသင်းကတော့ အက်ဖ်အေဖလား ချန်ပီယံ အက်ဇေးကို ဆဲလ်ဟာ့စ်ပါ့ခ်မှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး သူ့ကို ရောင်းချဖို့ လုံးဝဆန္ဒမရှိပါဘူး။ တကယ်လို့ ဒီန့ သြဂုတ်လ (၁)ရက်နေ့ကုန်ဆုံးတဲ့အထိ ဘယ်အသင်းကမှ သူ့ရဲ့စာချုပ်ပါလျော်ကြေးကိုပေးပြီး ခေါ်ယူနိုင်ခြင်းမရှိခဲ့ပါက ပဲလေ့စ်အတွက် အခြေအနေ ပိုမိုကောင်းမွန်သွားမှာ ဖြစ်ပါတယ်။

BBC Sport ရဲ့ ဖော်ပြချက်အရ အက်ဇေးရဲ့ စာချုပ်ထဲက ဒီလျော်ကြေးသတ်မှတ်ချက်ဟာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီ မစတင်မီ နှစ်ပတ်အလိုဖြစ်တဲ့ ဒီန့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဒီနေ့ကျော်လွန်သွားပါက ပဲလေ့စ်အသင်းအနေနဲ့ အက်ဇေးအတွက် ဒီထက်အများကြီးပိုမြင့်တဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုခွင့်ရှိသွားမှာ ဖြစ်ပါတယ်။

Photo Credit : Now Arsenal

ဒါပေမဲ့ ပဲလေ့စ်အသင်းအနေနဲ့ သူ့ကိုရောင်းချဖို့ တစ်ချိန်ချိန်မှာတော့ ဆွေးနွေးရဖွယ်ရှိနေပါတယ်။ အကြောင်းကတော့ အက်ဇေးရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ (၂)နှစ်သာ ကျန်ရှိတော့တာကြောင့်ဖြစ်ပါတယ်။ တကယ်လို့ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိခဲ့ပါက လာမယ့်ရာသီမှာ သူ့ရဲ့စာချုပ်သက်တမ်း နောက်ဆုံး (၁၂)လထဲကို ရောက်ရှိလာမှာဖြစ်ပြီး သူ့ရဲ့ ဈေးကွက်တန်ဖိုးလည်း သိသိသာသာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အက်ဇေးကို ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒီနွေရာသီမှာ ဗစ်တာ ယိုကယ်ရက်စ်၊ နိုနီ မာဒူအက်ကေး၊ မာတင် ဇူဘီမန်ဒီ၊ ခရစ်ရှန် နော်ဂတ်၊ ကီပါ အာရီဇာဘလာဂါ နဲ့ ခရစ်သီယန် မိုစကွဲရားတို့ကို ခေါ်ယူဖို့ ငွေအမြောက်အများ သုံးစွဲထားပြီးဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ်ကစားသမားသစ် ခေါ်ယူဖို့အတွက် လက်ရှိအသင်းသားအချို့ကို ရောင်းချပြီး ရန်ပုံငွေ ပြန်လည်ရှာဖွေဖို့ လိုအပ်နေတဲ့ အခြေအနေဖြစ်ပါတယ်။

Exit mobile version