အာဆင်နယ်အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား အလက်ဇန်းဒါးလာကာဇက်ကတော့ အာဆင်နယ်အသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေသလို သူ့ကို အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားလို့နေသလို အင်တာမီလန်အသင်းကလည်း ဘာစီလိုနာကို ရောက်ရှိဖို့ နီးစပ်လို့နေတဲ့ တိုက်စစ်မှူးလေး မာတီနက်ဇ်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် လာကာဇက်ကို ပစ်မှတ်ထားနေပေမယ့် လာကာဇက်ကတော့ အင်တာမီလန်အသင်းမှာ သွားရောက်ကစားဖို့ကို စိတ်ဝင်စားခြင်းမရှိပဲ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Image

အင်တာအသင်းဟာ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးမာတီနက်ဇ်ကို သူရဲ့ စာချုပ်လျော်ကြေးပမာဏဖြစ်တဲ့ ပေါင်သန်းတစ်ရာနဲ့သာ လာရောက်ကမ်းလှမ်းမယ်ဆိုရင် လက်ခံသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် သူရဲ့နေရာမှာ အစားထိုးဖို့အတွက် လာကာဇက်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ အင်တာအနေနဲ့ မာတီနက်ဇ်ရောင်းချဖို့ အစီအစဉ်ရှိနေတဲ့အပြင် ပီအက်စ်ဂျီကို အငှားချထားတဲ့ နောက်ထပ်အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီကိုလည်း အပြီးသတ်ရောင်းချတော့မှာဖြစ်လို့ အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားမလျော့နည်းသွားအောင် လာကာဇက်နဲ့ အားဖြည့်ချင်နေတာဖြစ်ပါတယ်။

Photo Credit : Getty Image

ဒါပေမယ့် လိုင်ယွန်တိုက်စစ်မှူးဟောင်းကတော့ အင်တာမီလန်ကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားမှုမရှိကြောင်း ပြင်သစ်အားကစားမီဒီယာတွေကနေ ဖော်ပြလာခဲ့သလို အာဆင်နယ်မှာလည်း သူရဲ့ အနာဂတ်က မရေမရာ ဖြစ်နေဆဲပဲလို့ ဖော်ပြလို့ထားပါတယ်။ လာကာဇက်ကို အင်တာဘက်ကနေ စိတ်ဝင်စားမှုတွေ မပြသခင်တုန်းက အသက်လက်တီကိုအသင်းကနေ အရင်ဆုံးပစ်မှတ်ထားခဲ့တာဖြစ်ပြီး အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်လျက်ရှိနေတဲ့ ဒီယေဂိုကော်စတာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ရည်ရွယ်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကလည်း အသက်လက်တီကိုအသင်းရဲ့ ဂါနာလက်ရွေးစင် ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အတွက် ကစားသမား(၂)ယောက်ကို အလဲအထပ် ပြုလုပ်ဖို့ ဆွေးနွေးနေကြလျက်ရှိပြီး အသက်လက်တီကိုကတော့ ပါတေးအတွက် လာကာဇက်အပြင် ပြောင်းရွှေ့ကြေးတချို့ကိုပါ ပူးတွဲအလိုရှိနေတဲ့အတွက် အပြောင်းအရွှေ့ အထမြောက်ဖို့ကတော့ ခက်ခဲဖွယ်ရှိနေပါတယ်။