လာမယ့်ဇွန်(၁၇)ရက်နေ့ကျရင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရတော့မယ့် အာဆင်နယ်အသင်းဟာ ပြိုင်ပွဲကို စတင်မယှဉ်ပြိုင်ခင် အသင်းသားတွေ ပွဲကစားဖို့ အဆင်သင့်ဖြစ်စေနိုင်ရန်အတွက် ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ချာတန်နဲ့ အမ်းမရိတ်စ်ကွင်းအတွင်းမှာ ခြေစမ်းပွဲကစားစေခဲ့ပြီး အသင်းက ကစားသမားတွေ အစုံအလင်ပါဝင်ခဲ့ကာ ချာတန်အသင်းကို (၆)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့သလို အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး အက်ဒီအန်ကီတာယာက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

အာဆင်နယ်အသင်းနဲ့ ချာတန်အသင်းတို့ဟာ မနေ့က နေ့လည်ပိုင်းအတွင်း ပရိသတ်တစ်ဦးတစ်ယောက်မှ မပါဝင်ပဲ အာဆင်နယ်ရဲ့အမ်းမရိတ်စ်ကွင်းအတွင်းမှာ ခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ လေနို ဂွန်ဒူဇီ အိုဇေး တီယာနေး အူဘာမီယန်း လာကာဇက်တို့လို အသင်းရဲ့ အမာခံကစားသမားတွေကို အသုံးပြုလာခဲ့ပြီး အူဘာမီယန်းနဲ့ လာကာဇက်တို့က သွင်းဂိုး(၁)ဂိုးစီ ရယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အမာခံကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်က ပထမပိုင်းမှာတော့ ချာတန်ဘက်ကို သွင်းဂိုး(၂)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာတော့ အာဆင်နယ်ဟာ မာတင်နယ်လီ ဝီလ်လော့ အန်ကီတာယာတို့လို လူငယ်ကစားသမားလေးတွေကို ထည့်သွင်းကစားလာခဲ့ရင်းနဲ့ ကစားပုံက ပထမပိုင်းကထက် ပိုမိုသွက်လက်လာခဲ့ရာ အသင်းရဲ့ အကယ်ဒမီထွက် တိုက်စစ်ကစားသမားလေး အန်ကီတာယာကနေ ဟက်ထရစ်သွင်းယူခဲ့ပြီး ပွဲသိမ်းသွင်းဂိုးကိုတော့ ဝီလ်လော့ကနေ သွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်(၁၇)ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈) ပွဲကျန်အဖြစ် မန်စီးတီးအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဘရိုက်တန် ဆောက်သမ်တန်တို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ဆက်တိုက်ကစားရမှာဖြစ်ကာ ဇွန်လ(၂၈)ရက်နေ့မှာတော့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ဆက်တိုက်ဆင်နွဲရမှာပဲဖြစ်ပါတယ်။