အာဆင်နယ်အသင်းကတော့ လာမယ့်စျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူးကြီး အူဘာမီယန်းကို လက်လွတ်ရဖွယ်ရှိနေပြီး ကစားသမားကိုယ်တိုင်က အခုအချိန်ထိ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးသေးတာကြောင့် အသင်းနဲ့ သက်တမ်းမကုန်ဆုံးခင်မှာ ရောင်းချရဖွယ်ရှိနေသလို အူဘာမီယန်းလက်သစ်လို့ နာမည်ထွက်နေတဲ့ အသင်းရဲ့လူငယ်ကစားသမားလေး ဖော်လိုရင်းဘာလိုဂန်ကိုပါ ထပ်မံဆုံးရှံးရဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Tribuna

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် တိုက်စစ်ကစားသမားလေး ဘာလိုဂန်ဟာ အာဆင်နယ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး အာဆင်နယ်လူငယ်အသင်းမှာ ခြေစွမ်းကောင်းတွေ အထူးပြသထားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ မွေးဖွားခဲ့သူဖြစ်တဲ့ ဘာလိုဂန်ဟာ ဒီရာသီမှာ အာဆင်နယ်လူငယ်အသင်းအတွက် (၁၆)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၀)ဂိုး ရယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုပါ (၄)ကြိမ် ပြုလုပ်ထားကာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကြောင့် စီနီယာကစားသမားကြီး အူဘာမီယန်းနဲ့ပါ ခိုင်းနှိုင်းခံလာရတာဖြစ်ပါတယ်။

Photo Credit : Metro

အသက်(၂)နှစ်အရွှယ်ကတည်းက အမေရိကန်ကနေ အင်္ဂလန်ကို ရောက်လာခဲ့တဲ့ ဘာလိုဂန်ဟာ အသက်ဆယ်နှစ်မပြည့်ခင်မှာပဲ စပါးအသင်းမှာ ခြေစွမ်းပိုင်း သွားရောက်စမ်းသပ်ခံခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ (၁၀)နှစ်သားအရွှယ်ရောက်မှ အာဆင်နယ်မှာ အစမ်းသပ်အောင်မြင်ခဲ့လို့ အသင်းနဲ့ စတင်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ယူ(၁၉)အသင်းမှာပါ ရွေးချယ်ခံထားရတဲ့ တိုက်စစ်မှူးလေး ဘာလိုဂန်ဟာ သူရဲ့စီနီယာကြီး အူဘာမီယန်းလိုပဲ လာမယ့် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာကိုလည်း ဘာမှပြန်လည်တုန့်ပြန်မှုမရှိသေးပဲ အသင်းကနေ ထွက်ခွာဖို့ကို ပြင်ဆင်ထားနေတာကြောင့် အာဆင်နယ်အနေနဲ့ အူဘာမီယန်းကိုသာမကပဲ အူဘာမီယန်းလက်သစ်လေး ဘာလိုဂန်ကိုပါ တစ်ပါတည်း လက်လွတ်ရဖွယ် ရှိနေပါတယ်။ အူဘာမီယန်းကလည်း အာဆင်နယ်နဲ့ အခုထိကို သက်တမ်းမတိုးသေးပဲ တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းခွဲလောက် တိုးမြှင်ပေးမှသာ သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာဖြစ်သလို အသင်းအနေနဲ့ ဥရောပဝင်ခွင့် ရရှိမှပဲ အာဆင်နယ်မှာ ဆက်လက်ရှိနေနိုင်ပါတယ်။ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး အူဘာမီယန်းကို ဂျုဗင်တပ်စ် ဘာစီလိုနာ ရီးရဲလ်မက်ဒရစ် အင်တာမီလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားလျက်ရှိနေပါတယ်။