အာဆင်နယ်အသင်းဟာ နွေစျေးကွက်အတွင်းမှာ ဘယ်နောက်ခံလူ တာဗာရက်စ်နဲ့ ကွင်းလယ်ကစားသမားလေး လိုကန်ဂါတို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း နောက်ထပ် အင်အားဖြည့်တင်းမှုတွေ ထပ်မံလုပ်ဆောင်သွားဖို့ ဆန္ဒရှိလို့နေပြီး မနှစ်က ဘောလုံးရာသီအတွင်း ရာသီဝက်ခန့် အငှားခေါ်ယူခဲ့တဲ့ နော်ဝေကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်ကို ထပ်မံအငှား ဒါမှမဟုတ် အပြီးသတ် ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းသွားလိမ့်မယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

အသက်(၂၂)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် ကွင်းလယ်ကစားသမား အိုဒီဂတ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း အသင်းမှာ နေရာရခြင်း မရှိပဲ ဟီရန်ဗင်း ဗွီတက်ဆီ ဆိုစီဒက်နဲ့ အာဆင်နယ်အသင်းတွေမှာ အငှားကစားသမားအဖြစ်နဲ့သာ သွားရောက်ကစားခဲ့ရပါတယ်။ လက်ရှိမှာ မူရင်းကလပ် ရီးယဲလ်အသင်းဆီ ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ အိုဒီဂတ်ဟာ အသင်းရဲ့နည်းပြသစ် ကားလို့အန်စလော့တီ လက်အောက်မှာ ပုံမှန်နေရာရဖို့က သိပ်မလွယ်တာကြောင့် အသင်းကနေ ထွက်ခွာချင်နေပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီဝက်အတွင်း သွားရောက်ကစားခဲ့တဲ့ အာဆင်နယ်အသင်းဆီကိုသာ ပြန်လည်ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit : The Mirror

အာဆင်နယ်အသင်းကိုယ်တိုင်ကလည်း လတ်တလောမှာ တိုက်စစ်အားသန်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ကို ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေပြီး သူတို့ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ ရီနာတိုဆန်းချက်စ် ဂျိမ်းစ်မက်ဒီဆင် ဟာဆန်အာဝါတို့အပြင် အိုဒီဂတ်ပါ ပါဝင်လျက် ရှိနေပါတယ်။ အိုဒီဂတ်ဟာ ရီးယဲလ်မှာ နေရာရဖို့ မလွယ်ကူပေမယ့် သူရဲ့စာချုပ်သက်တမ်းက (၂)နှစ် ကျန်ရှိနေသေးတာဖြစ်သလို သူရဲ့လက်ရှိတန်ကြေးကလည်း ယူရိုသန်း(၄၀)လောက် ရှိနေတာဖြစ်လို့ အာဆင်နယ်အသင်းအနေနဲ့ အိုဒီဂတ်ကို တစ်ခါတည်း အပြီးသတ် ခေါ်ယူသွားဖို့ထက် တစ်ရာသီအငှားနဲ့သာ ထပ်မံကမ်းလှမ်းဖွယ် ရှိနေပါတယ်။ အိုဒီဂတ်ကိုယ်တိုင်ကလည်း သူ့ကို ပွဲကစားခွင့်တွေပေးပြီး အသင်းရဲ့ အဓိကကျတဲ့နေရာကနေ ပွဲထွက်ခွင့်ပြုခဲ့တဲ့ အာဆင်နယ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ချင်နေတာကြောင့် ဒီအပြောင်းအရွှေ့ဟာလည်း မကြာခင်မှပဲ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေရပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဘရိုက်တန်နောက်ခံလူ ဘင်ဝှိုက်ကို ပေါင်သန်း(၅၀)ကို ခေါ်ယူလိုက်နိုင်ပြီဖြစ်ပြီး ဆေးစစ်မှုတွေနဲ့ စာချုပ်ချုပ်ဆိုမှုတွေကိုသာ အပြီးသတ်လုပ်ဆောင်ရတော့မယ်လို့ သိရှိရပါတယ်။