MySport Myanmar

ချန်ပီယံလိဂ် မဝင်နိုင်ရင်တောင် ဂျေဇူးကို ရအောင် ကမ်းလှမ်းသွားဦးမယ့် အာဆင်နယ်

တော့တင်ဟမ် နယူးကာဆယ်တို့ကို ဆက်တိုက်ရှံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ အတော်လေးကို ဝေဝါးသွားခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ သေချာပေါက် လွဲချော်သွားခဲ့မယ်ဆိုရင်တောင် အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားဖြစ်သူ ဂါဘရီရယ်ဂျေဇူးကိုတော့ အရခေါ်ယူနိုင်အောင် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo Credit : Goalzz

အာဆင်နယ်အသင်းဟာ လာမယ့်စျေးကွက်အတွင်း အသင်းမှာ ကစားသမားသစ် ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေတဲ့ နေရာတစ်ခုဖြစ်တဲ့ တိုက်စစ်ပိုင်းအတွက် မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ရာဟင်စတာလင်နဲ့ ဂါဘရီရယ်ဂျေဇူးတို့ကို ပူးတွဲပစ်မှတ်ထားနေတာဖြစ်ပြီး တခြားသော တိုက်စစ်ကစားသမားတွေကိုလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။ အာဆင်နယ်ဟာ လာမယ့်စျေးကွက်ထဲမှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လာကာဇက်နဲ့ အန်ခယ်တီယာတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်သလို ဆောင်းစျေးကွက်တုန်းကလည်း အူဘာမီယန်းကို ဘာစီလိုနာအသင်းဆီ ဆုံးရှုံးထားရလို့ တိုက်စစ်ပိုင်းအတွက် ကစားသမားတွေ မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Photo Credit : The Sun

အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် မန်စီးတီးအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂျေဇူးကို အဓိက စိတ်ဝင်စားနေတာဖြစ်ပြီး မန်စီးတီးကလည်း ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟော်လန်းကို ခေါ်ယူလိုက်ပြီ ဖြစ်တာကြောင့် အသင်းမှာ ပိုမိုနေရာပျောက်လာရဖွယ် ရှိနေတဲ့ ဂျေဇူးက လာမယ့်နွေစျေးကွက်ထဲ အသင်းနဲ့ လမ်းခွဲချင်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂျေဇူးကိုလည်း နည်းပြအာတီတာက သူရဲ့အာဆင်နယ်အသင်းဆီ ခေါ်ဆောင်ချင်နေပြီး ကနဦး ကမ်းလှမ်းချက်အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀) ဒါမှမဟုတ် သန်း(၅၀)နဲ့ စတင်ကမ်းလှမ်းဖွယ် ရှိနိုင်ပါတယ်။ ဂျေဇူးနဲ့ အာတီတာတို့ကလည်း အာတီတာ မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့စဉ်တုန်းက ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့သလို ဒီအချက်ကို အသုံးချပြီး အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဂျေဇူးကိုယ်တိုင်ကတော့ ချန်ပီယံလိဂ် ကစားရတဲ့ အသင်းတစ်သင်းကိုသာ ရွေးချယ်သွားချင်နေပြီး ဂျေဇူးရဲ့အေးဂျင့်ကလည်း သူ့ကစားသမားအနေနဲ့ အနာဂတ်အရေးအတွက် ခေါင်းအေးအေးနဲ့သာ ဆုံးဖြတ်သွားလိမ့်မယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version