ချယ်လ်ဆီးအသင်းကနေ အာဆင်နယ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဝါရင့်ဘရာဇီး တောင်ပံကစားသမားကြီး ဝီလီယံက သူနဲ့ အာဆင်နယ်နည်းပြအာတီတာတို့ဟာ အသင်းနဲ့ အနာဂတ်စီမံကိန်းတွေနဲ့ပတ်သက်ပြီး စီစဉ်ရေးဆွဲမှုတွေများစွာကို လုပ်ဆောင်ထားခဲ့ပြီး အာဆင်နယ်အသင်းနဲ့ (၃)နှစ်တာ ဖြတ်သန်းမှုအတွင်းကို အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်သာမကပဲ ချန်ပီယံလိဂ်ဖလားကိုပါ အရယူနိုင်တဲ့အထိ စွမ်းဆောင်သွားမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : The Football Faithful

အသက်(၃၂)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် ကစားသမား ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ (၇)နှစ်တာလောက်အထိ ဖြတ်သန်းခဲ့သူဖြစ်ပြီး အသင်းမှာ ဆက်လက်ရှိနေချင်ပေမယ့် ချယ်လ်ဆီးဘက်က သူ့ကို (၃)နှစ်စာချုပ်အစား (၂)နှစ်သက်တမ်းတိုး စာချုပ်ကိုနဲ့ပဲ ကမ်းလှမ်းခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး ချယ်လ်ဆီးရဲ့လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ပြီးနောက် သူအနေနဲ့ အသင်းနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေကို မြင့်မြင့်မားမားထားရှိထားကြောင်း ဝီလီယံက အင်တာဗျူးအတွင်းမှာ ဖြေဆိုလာခဲ့ပါတယ်။

Photo Credit : Football365

ဝီလီယံက “စာချုပ်သက်တမ်း(၃)နှစ်အထိ ချုပ်ဆိုချင်ရတာက အသင်းရဲ့စီမံကိန်းထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ချင်လို့ပါပဲ။ နည်းပြနဲ့ စကားပြောဖြစ်ခဲ့အခါမှာလည်း သူကျွန်တော့်ကို ဘာကြောင့်(၃)နှစ်စာချုပ်ချုပ်ရသလဲဆိုတာကို ပြောပြခဲ့ပါသေးတယ်။ ပထမတချက်ကတော့ ချန်ပီယံလိဂ်ဝင်ကို ဝင်ရောက်ကစားခွင့်ရဖို့အတွက်နဲ့ နောက်တစ်ချက်က ချန်ပီယံလိဂ်ဖလားအထိပါ အရယူဖို့ပါပဲ။ ဒါတွေက ကျွန်တော်တကယ်ကြားချင်တဲ့ စကားတွေပါ။ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာခြင်းကနေ ဆုဖလားတွေကိုပါ ပိုင်ဆိုင်ရဖို့ မျှော်လင့်ပါတယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ဝီလီယံက သူအနေနဲ့ ချယ်လ်ဆီးမှာ ဆက်နေမယ်ဆိုရင်လည်း ဥရောပအောင်မြင်မှုတွေကို ရယူနိုင်လောက်ပေမယ့် အသင်းရဲ့ပေါ်လစီအရ သူ့လို အသက်သုံးဆယ်ကျော် ကစားသမားတစ်ယောက်ကို အများဆုံး(၂)နှစ်လောက်ထိပဲ သက်တမ်းတိုးပေးနိုင်ခြင်းရှိတဲ့အပေါ်မှာ ဘယ်လိုမှ အဆင်မပြေတာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ကိုပဲ ဆုံးဖြတ်လိုက်ရတာဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဝီလီယံကို သူအလိုရှိနေတဲ့အတိုင်း (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့အပြင် အသင်းရဲ့ပွဲထွက်လူစာရင်းမှာလည်း အမြဲတမ်းသုံးစွဲဖွယ် ရှိနေတာကြောင့် တခြားအသင်းတွေထက် အာဆင်နယ်ကို ရွေးချယ်ခဲ့ရတာဖြစ်သလို ဝီလီယံအနေနဲ့ အသင်းရဲ့တိုက်စစ်မှာလည်း ပေပေ အူဘာမီယန်းတို့နဲ့တွဲဖက်ပြီး ခြေစွမ်းပြကစားနိုင်ဖွယ်ရှိနေပါတယ်။