အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတွေအတွင်း အသင်းအတွက် အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး အသင်းရဲ့ သွင်းဂိုးတွေကိုလည်း ကျေပြွန်စွာ ထမ်းဆောင်ပေးနိုင်တာကြောင့် သူ့ကို အသင်းဘက်ကနေ သူအလိုရှိနေတဲ့ လုပ်ခလစာမျိုးနဲ့ စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းခဲ့ပြီး သူကိုယ်တိုင်ကလည်း ဒီကမ်းလှမ်းမှုကို လက်ခံခဲ့ကာ အသင်းနဲ့ပဲ ဆက်လက်ပူးပေါင်းသွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

Photo Credit : Evening Standard

အာဆင်နယ်ပရိသတ်များစွာကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့တာနဲ့ပတ်သက်ပြီး အတော်လေးကို ပျော်ရွှင်ခဲ့ကြရသလို ဒီကိစ္စရပ်ကလည်း ဒီနှစ်ဘောလုံးရာသီအစလောက်မှာ ဖြစ်ပွားခဲ့တာကြောင့် အသင်းအတွက်ရော ကစားသမားအတွက်ပါ အကျိုးရှိနိုင်လိမ့်မယ်လို့ ယူဆမိခဲ့ကြပါတယ်။ ဒါပေမယ့် အူဘာမီယန်းဟာ ရာသီအစကနေ လက်ရှိအချိန်ထိ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးရယ်လို့ (၃)ဂိုးသာ သွင်းယူထားနိုင်သေးသလို ပြိုင်ပွဲစုံ(၁၈) ကစားထားပြီးချိန်မှာလည်း သူရဲ့ပြိုင်ပွဲစုံသွင်းဂိုးက (၆)ဂိုးသာ ရှိထားခဲ့ရပါတယ်။

Photo Credit : TEAMtalk

ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အူဘာမီယန်းက “ကျွန်တော် ရာသီအစကတည်းကနေ ခက်ခဲမှုပေါင်းများစွာနဲ့ ရုန်းကန်နေရခဲ့ရသလို တစ်ခါတစ်လေမှာဆိုရင် ဒီလိုအခြေအနေတွေကို အကောင်းဘက်ကနေ မြင်တတ်ဖို့တောင် အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော်အနေနဲ့ကတော့ အဝတ်လဲခန်းအတွင်းမှာဆိုရင် အသင်းဖော်တွေနဲ့ ပျော်ပျော်နေနေတတ်ပြီး အားလုံးအတွက် တည်ငြိမ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် နေရတယ်ဆိုပေမယ့်လည်း အဲ့လိုအချိန်မျိုးမှာတောင် ကိုယ်ရဲ့စိတ်ခံစားချက်တွေက မှန်ကန်တဲ့ဘက်မှာ ရှိမနေမျိုးတွေ ဖြစ်နေရတတ်တယ်။ ဒါပေမယ့် အသင်းဖော်တွေအတွက် မှန်ကန်တဲ့ စကားလုံးတွေ ပြောဆိုပေးနိုင်ဖို့အတွက်ဆိုရင် ဒီလိုရုန်းကန်မှုတွေအောက်က ရအောင်ရုန်းထွက်ဖို့ လမ်းအရင်ရှာရမှာပါ။ ဘောလုံးလောကထဲမှာတော့ အခုလိုမျိုး အတတ်အကျတွေဆိုတာက ကြုံတွေ့ရမှာပဲ။ ဒါကို တတ်နိုင်သလောက်တော့ အကောင်းဆုံးထိန်းချုပ်ဖို့သာ အရေးကြီးတာပါ။ ကျွန်တော့်စွမ်းဆောင်ရည်ဟာလည်း လက်ရှိမှာ အကောင်းကြီးကို ရှိမနေသေးဘူးဆိုပေမယ့် ဒီအခြေအနေတစ်ခုလုံး တစ်ဆစ်ချိုးပြောင်းလဲပစ်နိုင်လိမ့်မယ်လို့တော့ ယုံကြည်နေပါတယ်။ အသင်းအတွက် အကောင်းဆုံးဖြစ်ဖို့လည်း ကျွန်တော်ကြိုးစားနေပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။