အာဆင်နယ်အသင်းနဲ့ အင်္ဂလန်ယူ-၂၁အသင်းတို့ရဲ့လူငယ်တိုက်စစ်မှူးလေးဖြစ်တဲ့ အက်ဒီအန်ခီတာယက်ဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ အင်္ဂလန်ယူ-၂၁အသင်းနဲ့ တူရကီယူ-၂၁အသင်းတို့ရဲ့ ယူရို ၂၀၂၁ခြေစစ်ပွဲအတွင်းမှာ ပင်နယ်တီအခွင့်အရေးကို ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့ပေမယ့် အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီး (၂)မိနစ်လောက်အလိုမှာ သွင်းယူပေးနိုင်ခဲ့တဲ့အတွက် သူရဲ့ယူ-၂၁အသင်းလည်း နိုင်ပွဲရခဲ့ရသလို အန်ခီတာယက်ကိုယ်တိုင်ကလည်း စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်သွားနိုင်ခဲ့ရပါတယ်။

Photo Credit : The Guardian

အသက်(၂၁)နှစ်အရွှယ် အင်္ဂလန်လူငယ်ကစားသမားလေး အန်ခီတာယက်ဟာ လက်ရှိမှာတော့ နိုင်ငံတကာရက်သတ္တပတ်အတွင်း အင်္ဂလန်ယူ-၂၁အသင်းအတွက် ပါဝင်ကစားပေးနေလျက်ရှိရာ မနေ့ညက ခြေစစ်ပွဲစဉ်အတွင်းမှာလည်း သူရဲ့သွင်းဂိုးတစ်ဂိုးကြောင့် အသင်းက နိုင်ပွဲရခဲ့ပြီး အုပ်စု(၃)ရဲ့အုပ်စုဗိုလ်အဖြစ်နဲ့ အမှတ်အပြတ်နဲ့ကို ဦးဆောင်နိုင်ခဲ့တဲ့အပြင် လာမယ့်နှစ်မှာ ကျင်းပပြုလုပ်မယ့် ယူရို၂၀၂၁ပြိုင်ပွဲအတွက် ဝင်ရောက်ကစားခွင့်ကိုပါ ပိုင်ဆိုင်သွားခဲ့ရပြီဖြစ်ပါတယ်။ အန်ခီတာယက်က အင်္ဂလန်ယူ-၂၁အသင်းနဲ့အတူ ခြေစစ်ပွဲ(၈)ပွဲ ပါဝင်ကစားပြီးနောက် သွင်းဂိုး(၁၁)ဂိုးအထိ သွင်းယူထားခဲ့သလို သူရဲ့ယူ-၂၁အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်းသွင်းဂိုးဟာဆိုရင်လည်း (၁၄)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။

Photo Credit : Goal

အင်္ဂလန်ယူ-၂၁အသင်းရဲ့သမိုင်းတလျှောက် အသင်းအတွက် သွင်းဂိုးအများဆုံး ရယူထားနိုင်တဲ့ ကစားသမားက (၂)ယောက်ထိရှိပြီး သူတို့ကတော့ လက်ရှိအချိန်မှာ ဘောလုံးသမားဘဝကနေ အနားယူထားကြပြီဖြစ်တဲ့ အလန်ရှီးယားနဲ့ ဖရန်ဆစ်ဂျက်ဖားတို့ပဲဖြစ်ပါတယ်။ ဒီကစားသမားဟောင်းကြီး(၂)ယောက်လုံးက အင်္ဂလန်ယူ-၂၁အသင်းအတွက် (၁၃)ဂိုးစီ သွင်းယူထားနိုင်ပြီး ဂိုးသွင်းအများဆုံး ကစားသမားတွေအဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့ပေမယ့် အခုသူတို့ရဲ့စံချိန်ကို အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး အန်ခီတာယက်က ရိုက်ချိုးနိုင်ခဲ့ပြီး စံချိန်သစ်တစ်ခုကိုပါ ရယူသွားနိုင်ခဲ့ပါတယ်။ အခုလို နိုင်ငံအသင်းအတွက် စံချိန်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်းအပေါ် အန်ခီတာယက်က “ဒါက တကယ့်ကို အံ့မခန်းပါပဲ။ ဒီစံချိန်ကို ကျော်ဖြတ်ဖို့နဲ့ အသင်းရဲ့သွင်းဂိုးအများဆုံးစာရင်းမှာ ဒီလိုကစားသမားကြီးတွေနဲ့အတူ ရပ်တည်နေနိုင်ရတာက ကျွန်တော်အတွက်တော့ အိမ်မက်တွေ လက်တွေ့ဖြစ်လာသလိုပါပဲ။ ဒီအတွက်လည်း ကျွန်တော်နဲ့ ကျွန်တော်မိသားစုဝင်တွေအားလုံး ဂုဏ်ယူနေကြမှာပါ” လို့ ပွဲအပြီးအင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။